ဖလမ်းမြို့အနီး အင်အားအနည်းငယ်ရှိ မြေငလျင်လှုပ်ခတ်
DVB
·
April 16, 2020
ချင်းပြည်နယ်၊ ဖလမ်းမြို့အနီးမှာ အင်အား ရစ်(ခ်)တာစကေး ၄ ဒသမ ၁ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။
ဧပြီ ၁၆ ရက် မြန်မာစံတော်ချိန် ည ၇ နာရီ၊ ၁၇ မိနစ်၊ ၁၇ စက္ကန့် အချိန်မှာ ဟားခါးမြေငလျင်စခန်းမှ အရှေ့-အရှေ့မြောက်ဘက် ၂၇ မိုင်ခန့် ကွာဝေးတဲ့ မြန်မာနိုင်ငံပြည်တွင်း ဖလမ်းမြို့ရဲ့ အရှေ့တောင်ဘက် ၂၅ မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် (၂၂.၇၄)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၀၂)ဒီဂရီ၊ အနက်(၃)ကီလိုမီတာကို ဗဟိုပြုပြီး လှုပ်ခတ်သွားတာလို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
အလားတူဒီနေ့ ညနေ (၆) နာရီ၊ (၁၅) မိနစ်၊ (၂၅) စက္ကန့် အချိန်ကလည်း ဟားခါးမြေငလျင်စခန်းမှ အရှေ့-အရှေ့မြောက်ဘက်(၂၇)မိုင် ခန့်ကွာဝေးတဲ့ မြန်မာနိုင်ငံပြည်တွင်း (ဖလမ်းမြို့၏ အရှေ့တောင်ဘက်(၂၄)မိုင်ခန့် အကွာ)၊ မြောက်လတ္တီတွဒ် (၂၂.၇၄)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၀၁)ဒီဂရီ၊ အနက်(၁၂)ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး(၆.၁)အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှား သွားတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ဒီမနက်အစောပိုင်း ၂ နာရီလောက်ကလည်း မြန်မာနိုင်ငံ အလယ်ပိုင်းက စလေမြို့အနီး ၂၃ မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အား ၄ အဆင့်ရှိ ငလျင် လှုပ်ခဲ့ပါတယ်။
ဒါ့အပြင် မနက် ၁၀ နာရီ၊ ၇ မိနစ်၊ ၃၇ စက္ကန့်လောက်ကလည်း ခန္တီးမြို့ တောင်ဘက် ၈ မိုင်ခန့် အကွာမှာ အင်အားရစ်(ခ်)တာစကေး ၃ ဒသမ ၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တခုလှုပ်ခတ်သွားပါတယ်။
မြန်မာပြည်တွင်းမှာ ဒီနေ့ တရက်တည်း မြေငလျင် ၄ ကြိမ်လှုပ်ခတ်သွားတာဖြစ်ပြီး ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေသတင်းတွေကတော့ မရရှိသေးပါဘူး။
ဓာတ်ပုံ- မိုးဇလ