ထောင်များတွင် COVID-19 ကာကွယ်ရေး ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေဟု ဦးဇော်ဌေးပြော
DVB
·
April 13, 2020
နိုင်ငံအတွင်းက အကျဉ်းထောင်တွေမှာ COVID-19 ရောဂါပိုး ကာကွယ်ရေးလုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေတယ်လို့ အစိုးရပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။
အကျဉ်းထောင်တွေမှာ COVID-19 အသိပညာပေး ဟောပြောပွဲတွေ ပြုလုပ်သလို အသိပညာပေး ပိုစတာတွေ ချိတ်ဆွဲတာ၊ လက်ဆေးဘေစင်နဲ့ လက်သန့်ဆေးရည်တွေ ထားရှိပေးတာ၊ ကိုယ်အပူချိန်တိုင်းတာတာ၊ ပိုးသတ်ဆေးဖျန်းတာ အစရှိတဲ့ ကာကွယ်ရေးလုပ်ငန်းစဉ်တွေကို ဆောင်ရွက်ထားရှိပါတယ်။
အကျဉ်းသားတွေကို စုစုဝေးဝေး မဖြစ်စေဖို့ လူစုခွဲထားတာ ထောင်ဝင်စာ ဧည့်တွေ့ချိန်တွေမှာ ၁၅ ဦးကနေ ၂၀ ဦးအထိပဲ ဝင်ရောက်စေတာ၊ စုပေါင်း ထမင်းစားတာတွေ မလုပ်စေတော့ဘဲ အိပ်ဆောင်တွေမှာ တဦးနဲ့တဦး ၅ ပေအကွာမှာ စားသုံးစေဖို့ ဆောင်ရွက်နေတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။။
ကိုယ်အပူချိန်မြင့်မားသူ၊ နှာချေ၊ ချောင်းဆိုး၊ အသက်ရှူကြပ်လက္ခဏာရှိတဲ့ ထောင်ဝင်စာ တွေ့ဆုံသူတွေကိုလည်း တားမြစ်ထားတယ်လို့ ဆိုပါတယ်။
ထောင်ဝင်စာတွေ့ရာမှာလည်း တဦးနဲ့တဦး အနည်းဆုံး ၅ ပေအကွာကသာ တွေ့ဆုံစေသလို ထောင်ဝင်စာပါဆယ်ထုပ်တွေကိုလည်း ပိုးသတ်ဆေးဖျန်းပေးပြီးမှ ထောင်အတွင်းကို သွင်းခွင့်ပြုနေတယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။
မြန်မာနိုင်ငံက အကျဉ်းထောင် ၅၀၊ စိုက်မွေးအတတ်သင်စခန်းနဲ့ ကုန်ထုတ်စခန်း ၄၈ ခုတို့မှာ အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ကိုးသောင်းကိုးထောင်ကျော် ရှိနေပါတယ်။
ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)