မြန်မာနိုင်ငံနှင့် COVID-19 ဖြစ်ပွားမှု ကိန်းဂဏန်းများ
DVB Digital
·
April 6, 2020
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်များအရ မြန်မာနိုင်ငံတွင် မတ်လ (၂၃) ရက်နေ့မှ ဧပြီ (၅) ရက်နေ့ထိ (COVID-19) ကိုဗစ်နိုင်တင်းဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း (၂၁) ဦးနှင့် သေဆုံးသူ (၁) ဦးရှိပြီး စောင့်ကြည့်/သံသယလူနာ (၇၈၆) ဦးနှင့် ဓာတ်ခွဲအဖြေ စောင့်ဆိုင်းဆဲ (၉၆) ဦးရှိသည်။
မြန်မာနိုင်ငံတွင် ပထမဆုံး ကိုဗစ်နိုင်တင်း ကူးစက်ခံရသူရှိပြီဖြစ်ကြောင်းကို မတ်လ (၂၃) ရက်နေ့က ကြေညာခဲ့ခြင်းဖြစ်ပြီး ၎င်းသည် ပြည်ပမှ ကူးစက်ခံရသူ ဖြစ်သည်။ ကိုဗစ်နိုင်တင်း ကူးစက်ခံရမှုတွင် (၁၃) ဦးမှာ ပြည်ပမှ ကူးစက်ခံရသူများဖြစ်ပြီး (၈)ဦးမှာ နိုင်ငံတွင်း ကူးစက်ခံရသူများ ဖြစ်ကြသည်။
ကိုဗစ်နိုင်တင်း ကူးစက်ခံရသူ (၂၁) ဦးအနက် (၁၃) ဦးမှာ ရန်ကုန်တိုင်းဒေသကြီးမှဖြစ်ပြီး၊ ပဲခူးတိုင်းဒေသကြီးမှ (၄)ဦး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော်တို့မှ (၁)ဦးစီဖြစ်သည်။ ၎င်းတို့အနက် (၁၂) ဦးမှာ အမျိုးသားများ ဖြစ်ကြပြီး (၉) ဦးမှာ အမျိုးသမီးများဖြစ်ကာ၊ နိုင်ငံခြားသား (၅) ဦးနှင့် မြန်မာနိုင်ငံသား (၁၆) ဦးတို့ ဖြစ်သည်။
လူဦးရေထူထပ်ပြီး စီးပွားရေးမြို့ဖြစ်သည့် ရန်ကုန်မြို့တွင် ဗိုင်းရပ်စ် ကူးစက်ခံရသူ၏ (၆၂) ရာခိုင်နှုန်းရှိသည်။ ဧပြီလ (၃) ရက်နေ့ထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စာရင်းအရ ရောဂါမပြန့်ပွားရေးအတွက် အသွားအလာ ကန့်သတ်ခံထားရသူ (Quarantine People) (၆၃,၀၀၀) ကျော်ရှိပြီး ပဲခူးတိုင်းဒေသကြီးတွင် အများဆုံးဖြစ်သည်။
ဧပြီလ (၆) ရက်နေ့ထိ အာဆီယံ (၁၀) နိုင်ငံအတွင်း ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း (၁၃,၀၀၀) ကျော်ရှိပြီး မလေးရှားနိုင်ငံသည် ကူးစက်ခံရမှု အများဆုံးဖြစ်ကာ အင်ဒိုနီးရှားနိုင်ငံသည် လူသေဆုံးမှု အများဆုံးနိုင်ငံဖြစ်သည်။ ထိုင်းနိုင်ငံတွင် ရောဂါပိုးတွေ့ရှိသူအစောဆုံးဖြစ်ပြီး မြန်မာနှင့် လာအိုနိုင်ငံသည် ရောဂါပိုးရှိသူကို နောက်ဆုံးတွေ့ရှိသည့် နိုင်ငံများဖြစ်သည်။
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာကုန်မှစပြီး တရုတ်နိုင်ငံ ဟူပေးမြို့မှ ကမ္ဘာ့နိုင်ငံ အသီးသီးကို ပြန့်နှံ့ခဲ့သည့် ကိုရိုနာဗိုင်းရပ်စ် ကူးစက် ခံရသူပေါင်း ၁ ဒသမ ၂ သန်း ကျော်ရှိပြီး သေဆုံးသူပေါင်း ခုနှစ်သောင်းခန့် ရှိပြီဖြစ်သည်။