နေပြည်တော်တွင် သင်္ကြန်မဏ္ဍပ်များ လုံးဝခွင့်မပြုဟု ဒုမြို့တော်ဝန် ပြော
အောင်ကိုကိုလတ် (နေပြည်တော်)
·
April 6, 2020
နေပြည်တော်ကောင်စီ နယ်မြေအတွင်း အခုနှစ်သင်္ကြန်ကာလမှာ အုန်းလက်မဏ္ဍပ်ကအစ မဏ္ဍပ်အကြီးရော မဏ္ဍပ်အသေးပါ လုံးဝ ခွင့်မပြုဘူးလို့ နေပြည်တော် ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးက ပြောပါတယ်။
“မဏ္ဍပ်ဆိုတာ အကြီးမှ မဟုတ်ဘူး။ မဏ္ဍပ်အသေး အုန်းလက်မဏ္ဍပ်တောင်ခွင့်မပြုဘူး။ လက်ရှိ ကျနော်တို့ဘက်က ညွှန်ကြားချက်က ဒါပါပဲ။ သီးခြားထပ်ပြီးညွှန်ကြားချက် ထပ်ရောက်လာရင် ထပ်ပြီး ကြေညာမှာပါ။ လက်ရှိကတော့ ရေထွက်ပက်မယ့်ကိစ္စကို တားတဲ့ သဘောပါပဲ။ ရေထွက်မပက်ဖို့ မဏ္ဍပ်မဆောက်ဖို့ ကျနော်တို့ စည်ပင်သာယာက ကြီးကြပ်ပြီး ဆောင်ရွက်နေပါတယ်”လို့ ဦးရဲမင်းဦးက ပြောပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ COVID-19 ဗိုင်းရပ်စ်ကြောင့် ရေမထွက်မပက်ကြဖို့ တားမြစ်ရတာ ဖြစ်ပြီး သင်္ကြန်ကာလအတွင်း ဖျားနာမှုတွေ မဖြစ်ပေါ်အောင် ကျန်းမာရေး သတိပြုနေထိုင်ကြဖို့ ကိုလည်း တိုက်တွန်းပြောပါတယ်။
“သင်္ကြန်ဆိုတာ နှစ်တိုင်း ကြုံနေကြပါ၊ သင်္ကြန်ရောက်မှ နားရတယ်ဆိုပြီး အိမ်ထဲက အိမ်အပြင်မထွက်တဲ့သူတွေလည်း ရှိတာပေါ့။ အဲ့တုန်းကတော့ ဒီလိုပဲ နားခဲ့ပြီးတော့ အခု မထွက်ရဘူး ပြောတဲ့အခါကျမှ အခုထွက်ချင်တာ ဒါမျိုးလည်း ဖြစ်တတ်တာပေါ့။ လူ့စိတ်ကို။ လူ့စိတ်ဆိုတာ ခွင့်ပြုရင် တမျိုး၊ ခွင့်မပြုရင် တမျိုး။ ခွင့်မပြုရင် ပိုလုပ်ချင်တာကိုး။ ဒီအချိန်လေးတော့ နည်းနည်း ဆင်ခြင်ကြရမှာပေါ့။ ကျနော်တို့ထက် ခေတ်မီပြီး ငွေကြေးချမ်းသာတဲ့နိုင်ငံတွေတောင်မှ နေ့စဉ် ရာနဲ့ချီပြီး သေဆုံးတာ မြင်နေရတာပဲ။ ကျနော်တို့က အဲဒီအခြေအနေ မရောက်သေးဘူး။ ဒါကို အားလုံးကာကွယ်ရမယ်”လို့လည်း ဦးရဲမင်းဦးက ပြောပါတယ်။
နေပြည်တော်ကောင်စီနယ်မြေအတွင်းမှာ ပြည်ပက ပြန်လာသူတွေကို ကျန်းမာရေးအရ ၁၄ ရက် စောင့်ကြည့် စစ်ဆေးနေပြီး နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာ ၆၂၀ ဦးနဲ့ တပ်မတော်ရဲ့ ရွာတော် စစ်ကြောရေး တည်းခိုရိပ်သာ ၃ မှာ ၁၄၀ ဦးကို စောင့်ကြည့် စစ်ဆေးပေးနေပါတယ်။