Home
မြန်မာသတင်း
ပလက်ဝမြို့နယ်တွင် ရိက္ခာ အရေးပေါ်လိုနေသူများ ရှိနေသေးဟု WFP ပြော
DVB
·
April 4, 2020
IDPs in Samee having lunch before WFP's food arrived March 2020 @WFP
WFP food distribution in Samee March 2020 @WFP
တိုက်ပွဲတွေကြောင့် ရိက္ခာပြတ်နေတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ဆမီးမြို့ကို ရိက္ခာ ထောက်ပံ့နိုင်ခဲ့ပြီး အဆက်အသွယ်မရသေးတဲ့ ရိက္ခာအရေးပေါ်လိုနေသူတွေ ရှိနေသေးတယ်လို့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ထုတ်ပြန်လိုက်ပါတယ်။ အကြိမ်ကြိမ် ကြိုးပမ်းခဲ့ပြီးတဲ့နောက်မှာ လူဦးရေ ၂၆၀၀ ကျော်အတွက် ဆန်၊ ဆီ၊ ပဲ၊ ဆားနဲ့ မီးဖိုချောင်သုံးပစ္စည်း ၂ လစာလောက် ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အာဟာရချို့တဲ့နေတဲ့ မိခင်နဲ့ ကလေးတွေအတွက် အားဖြည့်အစာအာဟာရတွေ ဆက်ပြီး ထောက်ပံ့နိုင်ဖို့ စီစဉ်နေတယ်လို့လည်း WFP က ဧပြီ ၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ WFP ရဲ့ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် မစ္စတာစတီဖန်အန်ဒါဆန်က “အခုအချိန်မှာ ပလက်ဝမြို့ပေါ်နဲ့ မြို့ပတ်ဝန်းကျင်အပါအဝင် ချင်းပြည်နယ်တောင်ပိုင်းက စစ်ဘေးသင့် မိသားစုတွေဆီ အရေးတကြီး လိုအပ်နေတဲ့ စားနပ်ရိက္ခာ အထောက်အပံ့တွေ သွားရောက် ပို့ဆောင်နိုင်ဖို့ ဦးစားပေး ကြိုးစားဆောင်ရွက်နေပါတယ်။ အကူအညီလိုနေတဲ့လူထုဆီ WFP အနေနဲ့ရော WFP ရဲ့ မိတ်ဖက်အဖွဲ့အစည်းတွေပါ သွားရောက်ကူညီနိုင်ရေး အခွင့်အရေးပေးဖို့ အဘက်ဘက်ကို ကျနော်တို့ မေတ္တာရပ်ခံပါတယ်” လို့ ပြောပါတယ်။ သူတို့အနေနဲ့ ပလက်ဝမြို့ပေါ်ကို အရေးပေါ် အထောက်ပံ့တွေပေးနိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းနေတယ်လို့လည်း ဆိုပါတယ်။ အေအေနဲ့ တပ်မတော်တို့တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်နဲ့ပဲ အဆက်အသွယ်လုပ်ပြီး ကုန်စည် စီးဆင်းနေရတဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်ဟာ အဆက်အသွယ်တွေ ပြတ်တောက်ပြီး ကုန်ဈေးနှုန်း အဆမတန်မြင့်တက်နေသလို ဒေသခံ အများအပြားဟာလည်း နေရပ်စွန့်ခွာ တိမ်းရှောင်နေရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024