Homeမြန်မာသတင်း
ပန်းတနော်တွင် COVID-19 ကာကွယ်ရေးပစ္စည်းများ မလုံလောက်သဖြင့် ကျန်းမာရေးဝန်ထမ်းများ စိုးရိမ်
ပန်းတနော်တွင် COVID-19 ကာကွယ်ရေးပစ္စည်းများ မလုံလောက်သဖြင့် ကျန်းမာရေးဝန်ထမ်းများ စိုးရိမ်
DVB
·
April 4, 2020
ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်မှာ ပြည်ပနိုင်ငံတွေက ပြန်လာသူတွေကို စောင့်ကြည့်တဲ့စခန်းတွေမှာ Covid-19 ရောဂါကာကွယ်ရေး ကျန်းမာရေးအသုံးအဆောင် ပစ္စည်းတွေ မလုံလောက်တဲ့အတွက် ကျန်းမာရေးဝန်ထမ်းတွေ စိုးရိမ်နေကြပါတယ်။
စောင့်ကြည့်တဲ့စခန်းတွေမှာ ကျန်းမာရေးဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေ အသုံးပြုဖို့ Mask နဲ့ အခြားအသုံးဆောင်ပစ္စည်းတွေ လိုအပ်နေတာလို့ ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေးမှူးအဆင့်-၁ ဒေါ်ခိုင်ခိုင်ဝင်းက ပြောပါတယ်။
“အဓိက Mask နဲ့ PPE ဝတ်စုံတွေပါ၊ မြို့နယ်ဆေးရုံမှာ ရှိပေမယ့် နယ်ဘက်တွေမှာ အလုံအလောက်မရှိဘူး၊ အလှူရှင်တွေက လှူပါတယ်။ ဒါပေမဲ့ ဝန်ထမ်းအားလုံးအတွက်တော့ မလောက်ဘူး”လို့ ပြောပါတယ်။
ကျေးလက်ဘက်စုံသားဖွားဆရာမ ဒေါ်ချိုချိုမာက “PPE ဝတ်စုံမရှိတော့ Mask နဲ့ လက်အိတ်လေးတွေ ဝတ်ပြီး နေ့တိုင်း သွားစစ်နေရတယ်၊ ပြည်ပက ပြန်လာတဲ့သူတွေကို စစ်ရတဲ့အခါ စိတ်ပူမိတယ်၊ သူတို့မှာလည်း Mask အလုံအလောက်မရှိတော့ တွေးပြီး စိုးရိမ်နေရတယ်” လို့ ပြောပါတယ်။
ပန်းတနော်မြို့နယ်တွင် ပြည်ပနိုင်ငံက ပြန်လာသူတွေကို ၁၄ ရက်စောင့်ကြည့်ဖို့အတွက် နေရာ ၆၃ နေရာရှိကာ ပြည်ပက ပြန်လာသူ ၁၉၀ ကျော်ကို စောင့်ကြည့်တာမျိုးတွေ ပြုလုပ်နေတယ်လို့ ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။
မင်းထက်မုန်း (ပုသိမ်)