အေအေအဖွဲ့နှင့်ဆက်နွှယ်သူ ၃ ဦး ကျောက်တော်တွင် ဖမ်းမိဟု တပ်မတော်ထုတ်ပြန်
DVB
·
April 4, 2020
ကျောက်တော်မြို့နယ်၊ သရက်အုပ်ကျေးရွာအတွင်းမှာ အေအေတပ်ဖွဲ့နဲ့ ပတ်သက်ဆက်နွှယ်သူ ၃ ဦး ဖမ်းဆီးရမိတယ်လို့ တပ်ဘက်က သတင်းထုတ်ပြန်ပါတယ်။
အေအေတပ်ဖွဲ့ဝင်တွေဟာ အဲဒီကျေးရွာအတွင်းမှာ ရွာသားအသွင်နဲ့ နေထိုင်ပြီး ဆက်ကြေး ကောက်ခံတာ လူသစ်စုဆောင်းတာတွေ လုပ်နေဆောင်နေပြီး အရပ်သားအသွင်ယူကာ အကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်နေတယ်လို့လည်း ပါရှိပါတယ်။
အဲဒီကျေးရွာကို ဝင်ရောက်စစ်ဆေးခဲ့တဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အေအေတပ်ဖွဲ့ဘက်က ကျောက်တော်မြို့ရဲ့တောင်ဘက် မီတာ ၅၀၀ အကွာမှာ ရီမုမိုင်း ၄ လုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တဲ့အပြင် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ပါ ပစ်ခက်လို့ နှစ်ဖက် ထိတွေ့မှု ဖြစ်ခဲ့ပါတယ်။
အဲဒီထိတွေ့မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ ထိခိုက်မှုရှိခဲ့ပါတယ်။ ဖမ်းဆီးထားတဲ့သူတွေကိုတော့ စစ်တွေမြို့မရဲစခန်းမှာ ထိန်းသိမ်းထားပြီး တရားဥပဒေနဲ့အညီ ဆောင်ရွက်နေတယ်လို့ တပ်မတော်က ထုတ်ပြန်ပါတယ်။