ရန်ကုန်တိုင်းတရားရုံးတွင် ကျန်းမာရေးလမ်းညွှန်ချက်နှင့်အညီ အမှုများ ပြန်စစ်ဆေးမည်
DVB
·
March 30, 2020
အမှုရုံးချိန်းတွေ ရွှေ့ဆိုင်းရင် ကြန့်ကြာနေနိုင်တာကြောင့် အရင်ထုတ်ပြန်ချက် အတိုင်းမဟုတ်တော့ဘဲ ကျန်းမာရေးလမ်းညွှန်ချက်တွေနဲ့အညီ အမှုတွေ ပြန်စစ်တော့မယ်လို့ ရန်ကုန်တိုင်း တရားလွှတ်တော်က ကြေညာပါတယ်။
မတ် ၃၀ ရက်နေ ဧပြီ ၃၀ ရက်အတွင်း ကြားနာဖို့ ချိန်းဆိုထားတဲ့ ရာဇဝတ်နဲ့ တရားမမှုခင်းတွေ ကြားနာဖို့ကိစ္စကို ဆိုင်းငံ့လိုက်တယ်လို့ မတ် ၂၄ ရက်မှာ ကြေညာခဲ့ပြီးနောက် အခုလို ပြန်ကြေညာလိုက်တာပါ။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေးနဲ့ ပတ်သက်ပြီး ထုတ်ပြန်ထားတဲ့ လိုက်နာဆောင်ရွက်ရမယ့် နည်းလမ်းတွေအတိုင်း အမှုတွေကို ဧပြီ ၁ ရက်ကစလို့ အရင်အတိုင်း စစ်ဆေးကြားနာသွားမယ်လို့ ဆိုပါတယ်။
တရားရုံးတွေမှာ တတ်နိုင်သမျှလူနည်းအောင်လုပ်မှာဖြစ်ပြီး အမှုနဲ့မဆိုင်သူတွေကို တရားခွင်ထဲကို လုံးဝမလာရဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် အပူချိန်တိုင်းမှာဖြစ်ပြီး ၃၈ ဒီဂရီစင်တီဂရိတ်ကျော်သူတွေကိုတော့ ကျန်းမာရေးဌာနကို အကြောင်းကြားမှာ ဖြစ်ပါတယ်။
တရားရုံးတွေမှာ လက်ဆေးနိုင်တဲ့နေရာတွေ၊ အယ်လ်ကိုဟော ၆၀ ရာခိုင်နှုန်းအထက်ပါတဲ့ လက်သန့်ဆေးရည်တွေထားမှာဖြစ်ပြီး လေဝင်လေထွက်ကောင်းအောင်လည်း လုပ်ထားမှာ ဖြစ်ပါတယ်။
တရားခွင်မှာ တယောက်နဲ့တယောက် ၃ ပေအကွာနေစေပြီး ကြားနာစစ်ဆေးမှာဖြစ်ပြီး တရားစီရင်ရေး လုပ်နေတုန်း နှာချေရင်၊ ချောင်းဆိုးရင် ပါးစပ်နဲ့နှာခေါင်းစည်းကိုချက်ချင်း အသုံးပြုစေမှာဖြစ်ပါတယ်။