နိုင်ငံကူးလက်မှတ်ကိစ္စနဲ့ပတ်သက်ပြီး ထောင်ဒဏ် ၅ နှစ်ချမှတ်ခံရတဲ့ ပြည်ထဲရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ရဲ့ မိသားစုဝင်ဖြစ်တဲ့ သားဖြစ်သူနဲ့ အမှုမှာ ပါဝင်ဆက်စပ်နေတဲ့ ရဲမှူးကြီးတွေကို ဖမ်းဆီးပြီး ဆက်လက်စစ်ဆေးနေတယ်လို့ ရဲအသိုက်အဝန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
“အဲကြေညာပြီးနောက်နေ့ မနက်မှာ စိုးထွဋ်ကိုလည်း ဖမ်းခေါ်သွားတယ်။ သူ့သားကိုလည်း စစ်ဆေးဖို့ ဖမ်းသွားတယ်။ နောက်အမှုမှာပတ်သက်နေတဲ့ ရဲမှူးကြီး ကျော်သီဟနဲ့ တခြား ပတ်သက်သူတွေကိုလည်း ဖမ်းသွားတယ်လို့ သိရတယ်” ရဲအသိုက်အဝန်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ဟာ ပြည်ထဲရေးဝန်ကြီးဌာနမှာ တာဝန်ယူစဉ် Green Channel စနစ်နဲ့ နိုင်ငံကူးလက်မှတ် ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်ဖို့အတွက် ကုမ္ပဏီတွေက အကူအညီတောင်းခံတာမှာ ရာထူးနဲ့ လုပ်ပိုင်ခွင့်ကို မလျော်သြဇာသုံးပြီး နိုင်ငံကူးလက်မှတ်တွေ ခွင့်ပြုဖို့ ညွှန်ကြားခဲ့တာ၊ တံစိုးလက်ဆောင် လက်ခံရယူခဲ့တာ၊ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ထမ်းသက်သာချောင်ချိရေး ရန်ပုံငွေဆိုင်ရာ ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းတွေနဲ့ ညီညွတ်မှုမရှိတဲ့ ဆောင်ရွက်မှုတွေအပေါ် ထိန်းသိမ်းကြပ်မတ်ကွပ်ကဲဖို့ ပျက်ကွက်ခဲ့တာ စတာတွေကို ကျုးလွန်ခဲ့တဲ့အတွက် သက်ဆိုင်ရာဥပဒေပုဒ်မတွေနဲ့ စွဲချက်တင်ကာ စစ်တရားရုံးနဲ့ စစ်ဆေးစီရင်ပြီး ထောင်ဒဏ် ၅ နှစ်ချမှတ်ခဲ့တာလို့ ထုတ်ပြန်ခဲ့ပါတယ်။
“သူတို့ လုပ်ထားတာတွေက ဒီပတ်စ်ပို့ကိစ္စ တခုတည်းတင်မှ မဟုတ်တာ၊ တခြားလည်း အများကြီးပဲ။ လုပ်ထားတာ အများကြီးထဲကမှ ဒီကိစ္စတခုတည်းနဲ့ ၅ နှစ်ပဲ ကျတာဆိုတော့ သူ့အတွက်ကတော့ တန်ပါတယ်” လို့ အဆိုပါ နီးစပ်သူက ပြောပါတယ်။
စစ်ကောင်စီအနေနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ ဗိုလ်မှုးချုပ်ရန်နောင်စိုး တို့ကို အဂတိလိုက်စားတွေနဲ့ ထောင်ဒဏ်တသက်တကျွန်း(အနှစ် ၂၀) အမိန့်ချပြီး အရေးယူခဲ့ပေမယ့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ကို ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရာထူးကနေ အနားပေးပြီး မူလစစ်ဘက်တာဝန်တွေ ပြန်လည်ထမ်းဆောင်ဖို့ ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း အခုလို စစ်ဆေးအမိန့်ချလိုက်တာဖြစ်ပါတယ်။