ဘားအံဆေးရုံကြီးတွင် COVID-19 စောင့်ကြည့်လူနာ ၂ ဦးထပ်မံရောက်ရှိ
DVB
·
March 30, 2020
ကရင်ပြည်နယ်၊ ဘားအံပြည်သူဆေးရုံကြီးမှာ မတ် ၃၀ ရက် နေ့လည်ပိုင်းက COVID-19 စောင့်ကြည့်လူနာ ၂ ဦးရောက်ရှိနေပြီး လူနာတွေရဲ့ဓာတ်ခွဲနမူနာရယူကာ ရန်ကုန် အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနကို ပေးပို့ထားတယ်လို့ ဆေးရုံအုပ်ကြီး ဒေါက်တာ ဘရမ်အောင်က ပြောပါတယ်။
စောင့်ကြည့်လူနာ ၂ ဦးဟာ ထိုင်းနိုင်ငံကနေ ပြန်လည်ဝင်ရောက်လာသူ တွေဖြစ်ပြီး သူတို့ကို သီးသန့်ထားရှိပါတယ်။ လက်ရှိ သူတို့ရဲ့ ကျန်းမာရေးကောင်းမွန်နေပြီး ဆေးရုံက လိုအပ်တဲ့စစ်ဆေးကုသမှုတွေ ဆောင်ရွက်ပေးထားတယ်လို့ သိရပါတယ်။
ဘားအံပြည်သူဆေးရုံကြီး၊ ဆေးရုံအုပ်ကြီး ဒေါက်တာ ဘရမ်အောင်က “ထိုင်းနိုင်ငံက ပြန်လာတဲ့သူတွေ မနေ့က တက်တယ်။ ဘားအံမြို့နယ်ထဲကပဲ။ အဖြေကို မနေ့က ညကပို့ထားတယ်။ ဒီနေ့ အဖြေထွက်မယ်။ ရောဂါလက္ခဏာက နိုင်ငံခြားကပြန်လာတယ်။ ဖျားတယ်။”လို့ ပြောပါတယ်။
COVID-19 သတင်းအမှားတွေနဲ့ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာနက လွှင့်တဲ့ တရားဝင်သတင်းတွေကို စောင့်ကြည့်ပြီး ဆိုရှယ်မီဒီယာတွေက သတင်းတွေကို မယုံကြည်ဖို့နဲ့ ကျန်းမာရေးသတိပေးချက်တွေကို လိုက်နာဆောင်ရွက်ကြဖို့လိုတယ်လို့ ဆေးရုံအုပ်ကြီးက ပြောပါတယ်။
မတ် ၂၇ ရက်က ဘားအံပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်နေတဲ့ COVID-19 ရောဂါစောင့်ကြည့်လူနာ ၃ ဦးလုံးကတော့ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)က ပြန်လည်ပေးပို့တဲ့ အဖြေတွေအရ COVID-19 ရောဂါ မတွေ့ရှိတဲ့အတွက် ဆေးရုံဆင်းခွင့်ပြုလိုက်ပြီလို့ တာဝန်ရှိသူကပြောပါတယ်။
မြန်မာနိုင်ငံအတွင်းCOVID-19 ရောဂါ ကူးစက်ခံထားသူ ၁၀ ဦး တွေ့ရှိထားရာမှာ ၁ ဦးက ထိုင်းနိုင်ငံကနေ မြဝတီနယ်စပ်ကတဆင့် ပြည်တွင်းကို ပြန်ဝင်လာသူဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
သတင်း- ရဲမင်းခေါင်