လူနာ ၂၆၅ နှင့် ၂၉၄ တို့ ရောဂါပျောက်ကင်း၍ ဘားအံဆေးရုံကြီးမှ ဆင်းခွင့်ရရှိ
DVB
·
July 18, 2020
ကိုဗစ်-၁၉ လူနာအမှတ် ၂၉၄ နဲ့ လူနာ ၂၆၅ တို့ ဘားအံပြည်သူ့ဆေးရုံကြီးမှာ စောင့်ကြည့်ဆေးကုသမှုခံယူနေရာက ရောဂါပိုးကင်းစင်ခဲ့တဲ့အတွက် ဆေးရုံကနေ ဆင်းခွင့်ရရှိသွားပြီ ဖြစ်ပါတယ်။
ဇူလိုင် ၁၆ ရက် ညက ဆေးရုံက ဆင်းခွင့်ရတဲ့ လူနာ ၂၆၅ ဟာ မလေးရှားကနေ ပြန်လည်ဝင်ရောက်လာသူဖြစ်ပြီး ဓာတ်ခွဲနမူနာရယူရာက COVID-19 ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်သလို ဇူလိုင် ၁၇ ရက်တွေက ဆင်းခွင့်ရတဲ့ လူနာ ၂၉၄ ဟာ လူနာ ၂၆၅ နဲ့ ထိတွေ့ခဲ့တဲ့အတွက် ရောဂါကူးစက်ခံခဲ့ရတာပါ။
သီးသန့်လူနာထားရှိတဲ့ (Isolation Unit) မှာ ဆေးကုသမှုတွေ ဆောင်ရွက်ပေးပြီး လူနာ ၂၆၅ ကို ဓာတ်ခွဲနမူနာ ၄ ကြိမ်ရယူခဲ့ရသလို လူနာ ၂၉၄ ကို ဓာတ်ခွဲနမူနာ ၃ ကြိမ်ရယူခဲ့ရပြီးနောက် ရောဂါပျောက်ကင်းခဲ့တဲ့အတွက် ဆေးရုံကနေ ဆင်းခွင့်ပြုခဲ့တာပါ။
အခက်အခဲ ဘာမှမရှိသလို လူနာတွေရဲ့ ကျန်းမာရေးအခြေအနေက သိပ်စိတ်ပူစရာ မရှိခဲ့တဲ့အတွက် အေးအေးချမ်းချမ်းနဲ့ ပြီးသွားတယ်လို့ ဘားအံ ပြည်သူ့ဆေးရုံကြီး၊ ပြည်နယ်သမားတော်ကြီး ဒေါက်တာ ဒေါ်ဝင်းဝင်းမြင့်က ပြောပါတယ်။
“လူနာတွေက စိတ်ပူစရာမရှိပါဘူး။ ပိုးသတ်ဆေးတွေ အားဆေးတွေကျွေးပြီး လူနာကို ဆေးကုသပေးတယ်။ အခက်အခဲ ဘာမှမရှိပါဘူး။ လူနာတွေက ကောင်းပါတယ်။ ကျန်းမာရေးအခြေအနေက သိပ်စိတ်ပူစရာမရှိဘူး။ အားလုံးက အေးအေးချမ်းချမ်းနဲ့ ပြီးသွားတယ်” လို့ ဆိုပါတယ်။
လူနာ ၂၆၅ နဲ့ ၂၉၄ တို့ဟာ ဆက်လက်ပြီး သက်ဆိုင်ရာက သတ်မှတ်ထားတဲ့ Quarantine စခန်းတွေမှာ ထပ်မံဝင်ရောက်ရမှာ ဖြစ်ပါတယ်။
ဇွန်လ ၁၅ ရက်နေ့က ဆေးကုသမှုအတူခံယူနေတဲ့ လူနာ ၁၈၆ ဟာ ရောဂါကင်းစင်ခဲ့တဲ့အတွက် ပထမဆုံး ဆေးရုံဆင်းခွင့် ရရှိခဲ့သူဖြစ်သလို ဇွန် ၂၃ ရက်နေ့က လူနာ ၁၈၇ ဟာ ဒုတိယမြောက် ဆေးရုံဆင်းခွင့် ရရှိခဲ့ပါတယ်။
ဘားအံမြို့၊ ပြည်သူ့ဆေးရုံကြီးမှာ ကိုဗစ်-၁၉ သီးသန့်လူနာထားရှိတဲ့ (Isolation Unit)မှာ ဆေးကုသမှုခံယူသူတွေ မရှိတော့ဘူးလို့ တာဝန်ခံ ဆရာဝန်ကြီးက ပြောပါတယ်။
ရဲမင်းခေါင်