ဘားအံဆေးရုံကြီးရှိ စောင့်ကြည့်လူနာ ၆ ဦးတွင် COVID-19 ရောဂါပိုးမတွေ့
DVB
·
April 30, 2020
ကရင်ပြည်နယ်၊ ဘားအံပြည်သူ့ဆေးရုံကြီးရှိ COVID-19 စောင့်ကြည့်လူနာ ၆ ဦးရဲ့ဓာတ်ခွဲနမူနာကို ရန်ကုန် အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနထံ ပေးပို့စစ်ဆေးရာမှာ ပြန်လည် ပေးပို့တဲ့အဖြေအရ ရောဂါပိုးမတွေ့ရဘူးလို့ ဒေါက်တာ ဘရန်အောင်က ပြောပါတယ်။
အဆိုပါစောင့်ကြည့်လူနာ ၆ ဦးရဲ့ ဓာတ်ခွဲအဖြေအရ ကျန်းမာရေးကောင်းမွန်သူတွေကို ဆေးရုံကဆင်းခွင့်ပြုပြီး ဆေးကုသဖို့ လိုအပ်သူတွေကိုတော့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ဆက်လက် ဆောင်ရွက်ပေးထား တယ်လို့ ဆိုပါတယ်။
ဘားအံပြည်သူဆေးရုံကြီး၊ ဆေးရုံအုပ်ကြီး ဒေါက်တာ ဘရန်အောင်က “ဘားအံမြို့နယ်နဲ့ လှိုင်းဘွဲမြို့နယ်က ကရင်ပြည်နယ်အတွင်းက လူနာတွေပဲ။ အဖြေက ညကထွက်တယ်။ အားလုံး Negative ပဲ။ ဆေးရုံက ဆင်းခွင့်ပေးမယ်။ ရောဂါအလိုက် ကျန်တဲ့သူ ဆေးကုသမှုတွေ ဆက်လုပ်မယ်”လို့ ပြောပါတယ်။
ဧပြီ ၂၉ ရက်အထိ ဘားအံဆေးရုံကြီးကို COVID-19 ရောဂါစောင့်ကြည့်လူနာ ၂ ဦးထပ်မံရောက်ရှိလာတဲ့အတွက် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)ကို ထပ်မံ ပေးပို့ထားပြီး အဖြေစောင့်ဆိုင်းနေပါတယ်။
ဒီကနေ့ထိ မြန်မာနိုင်ငံအတွင်းမှာ COVID-19 အတည်ပြုလူနာ ၁၅၀ ဦး၊ သေဆုံးသူ ၆ ဦး ရှိပါတယ်။
သတင်း- ရဲမင်းခေါင်