Home
မြန်မာသတင်း
ပုံပါကျင်မြို့၌ ထိုင်းကပြန်လာသည့် ကျောင်းသားတဦး ဖျားနာသဖြင့် သံသယလူနာအဖြစ် ကုသ
DVB
·
March 28, 2020
Phone Phar Kyin 2
Phone Phar Kyin 1
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ပုံပါကျင်မြို့မှာ ထိုင်းနိုင်ငံက ပြန်လာတဲ့ အသက် ၁၈ နှစ်အရွယ် ကျောင်းသားတဦး ဖျားနာချောင်းဆိုးနေတာကြောင့် COVID-19 သံသယလူနာအဖြစ် မိုင်းတုံမြို့နယ် ပြည်သူ့ဆေးရုံမှာ အတွင်းလူနာအဖြစ် သီးခြားခွဲကာ ကုသပေးနေပါတယ်။ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသက်ခိုင်မင်းက “မတ် ၂၇ ရက်ညနေ ၅ နာရီကျော်လောက်မှာ ပုံပါကျင်ကျန်းမာရေးမှူးက သံသယဖြစ်ဖွယ် လူနာရှိကြောင်း ဖုန်းဆက်ပြောလာလို့ ရောဂါလက္ခဏာတွေ မေးမြန်းပြီး ပြည်နယ်ကျန်းမာရေးဘုတ်အဖွဲ့ကို တင်ပြခဲ့ရာမှာ သံသယလူနာအဖြစ် သတ်မှတ်ပေးခဲ့တာကြောင့် ကျနော်ကိုယ်တိုင် ဆေးရုံကားနဲ့ ခေါ်ဆောင်လာပြီး သီးခြားခွဲကုသပေးနေပါတယ်" လို့ ပြောပါတယ်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့နယ် ကျင်းလောင်းမြို့မှာ ကျောင်းနေပညာသင်ကြားနေတဲ့ အသက် ၁၈ နှစ်အရွယ် အဆိုပါအမျိုးသားမှာ ပုံပါကျင်မြို့ရှိ မိဘများထံ လွန်ခဲ့တဲ့ ၉ ရက်က ပြန်လည်ရောက်ရှိခဲ့တာပါ။ ဖျားနာ၊ ချောင်းဆိုးပြီး ပုံပါကျင်ကျန်းမာရေးဌာနကို လာရောက်ပြသစဉ်မှာ ရောဂါလက္ခဏာ အခြေအနေတွေအပြင် ထိုင်းနိုင်ငံက ပြန်လာတာကြောင့် သံသယလူနာသတ်မှတ်ပြီး မြို့နယ်ပြည်သူ့ဆေးရုံမှာ သီးခြားခွဲ ကုသပေးနေတယ်လို့ ဆိုပါတယ်။ ထိုင်း-မြန်မာ နယ်စပ်ဒေသ ပုံပါကျင်မြို့မှာ ထိုင်းနိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်တာ၊ ကျန်းမာရေး၊ ပညာရေး စတဲ့ကိစ္စတွေနဲ့ တရားမဝင် ဝင်ထွက်သွားလာတာတွေ နေ့စဉ်လို ရှိနေတယ်လို့ သိရပါတယ်။ Covid19 ရောဂါကာကွယ်ရေးအတွက် မိုင်းတုံမြို့နယ်အတွင်း ကျန်းမာရေးဆိုင်ရာ အသိပညာပေးတာ၊ အဝင်အထွက်နေရာတွေ၊ လူအသွားအလာများတဲ့ နေရာတွေမှာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနက ဦးဆောင်ပြီး တဦးချင်း စစ်ဆေးနေပေမယ့် နယ်စပ် ခိုးဝင်လမ်း​​တွေကို မတားဆီးနိုင်တာကြောင့် ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။ အောင်ဇေယျ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024