ထိုင်းက ပြန်လာသည့် မြန်မာလုပ်သားများ အုပ်ချုပ်ရေးဌာနကို ချက်ချင်းအကြောင်းကြားရမည်
DVB
·
March 27, 2020
ထိုင်းနိုင်ငံက ပြန်လာတဲ့ မြန်မာအလုပ်သမားတွေ ဒေသဆိုင်ရာ အုပ်ချုပ်ရေးဌာန ဒါမှမဟုတ် အနီးဆုံးကျန်းမာရေးဌာနကို ချက်ချင်းအကြောင်းကြားရမှာဖြစ်ပြီး သတ်မှတ်နေရာ အဆောက်အဦတွေမှာ ၁၄ ရက်ကြာ အသွားအလာကန့်သတ်သွားမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက မနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
ပြန်လည်ရောက်ရှိလာတဲ့ မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံမှာ နေထိုင်ခဲ့စဉ်က COVID-19 ရောဂါကူးစက်ခံခဲ့ရပါက မိမိမှတဆင့် မိသားစုဝင်များ၊ မိတ်ဆွေများနှင့် ရပ်ကွက်/ကျေးရွာနေ ပြည်သူတွေထံ ရောဂါကူးစက် မပျံ့နှံ့စေဖို့အတွက် အခုလို ထုတ်ပြန်တာလို့ ဆိုပါတယ်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားတဲ့ အသွားအလာကန့်သတ်ခံရပြီး မိမိအိမ်တွင်သာ နေထိုင်ရမည့်သူများအတွက် လမ်းညွှန်ချက်တွေ၊ သတ်မှတ်နေရာ အဆောက်အဦတွေမှာ COVID-19 ကူးစက်ပြန့်ပွားမှုမှ ကာကွယ်ဖို့ လိုက်နာ ဆောင်ရွက်ရမည့် အချက်တွေကို သေချာစွာလိုက်နာကျင့်သုံးကြမှ ရောဂါဆက်လက် ပြန့်ပွားမှုကို နိုင်နင်းစွာ ထိန်းချုပ်နိုင်မယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အသွားအလာ ကန့်သတ်ခံရသူတွေအနေနဲ့ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းတွေ၊ အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းတွေ၊ ပြည်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့၊ အသွားအလာ ကန့်သတ်ပြီး နေထိုင်နေစဉ်ကာလမှာလည်း ကျန်းမာရေးအခြေအနေကို သက်ဆိုင်ရာ ကျန်းမာရေးဌာနကို နေ့စဉ် မပျက်မကွက် သတင်းပေးပို့ကြဖို့လည်း တိုက်တွန်းထားပါတယ်။
ထိုနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေမှုကြောင့် ထိုင်း-မြန်မာ နယ်စပ်ဂိတ် အတော်များများကို ပိတ်ထားလိုက်ပြီဖြစ်ပေမယ့် မြန်မာအလုပ်သမားတွေ နေ့စဉ်ထောင်နဲ့ချီ ဝင်ရောက်နေကြပြီး မတ် ၂၆ ရက်နေ့ကလည်း မြဝတီနယ်စပ် ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတားကနေ မြန်မာအလုပ်သမား ၅၀၀၀ ကျော် ပြန်လည်ဝင်ရောက်လာကြတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် COVID-19 လူနာအသစ် ၂ ဦး ထပ်မံတွေ့ရှိခဲ့ပြီး စုစုပေါင်း ၅ ဦးရှိသွားပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့မနက်အစောပိုင်း ၂ နာရီမှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်ကူးစက်ခံရသူ ၅၂၉၆၁၄ ဦး၊ သေဆုံးသူ ၂၃၉၇၆ ဦးနဲ့ ရောဂါသက်သာပျောက်ကင်းသူ ၁၂၃၃၈၀ ဦးရှိပြီလို့ သိရပါတယ်။