မင်းပြားမြို့နယ် ရိုးမတောင်တန်းတဝိုက် တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်
ဝဏ္ဏခွာညို
·
March 26, 2020
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ကပ်ပဲပုလဲတောင်၊ ဇိုင်ချောင်း(ချင်းရွာ)အနားက ရိုးမ တောင်တန်း တွေကို မတ်လ ၂၅ ရက်မွန်းလွဲပိုင်းက မြန်မာတပ်မတော် ဂျက်တိုက်လေယာဉ် နှစ်စီးနဲ့လေကြောင်းကနေ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ မျက်မြင်တွေကပြောပါတယ်။
ပုလဲတောင်ကျေးရွာက ရွာလူကြီးတဦးဖြစ်တဲ့ ဦးမောင်သောင်းစိန်က “နေ့လယ်ပိုင်း ၁ နာရီကျော်၊ ၂ နာရီလောက်က ကျနော်တို့ ရွာရဲ့တောင်တန်းတွေကိုလာပစ်တယ်။ ပြီးတော့ ဗုံးတွေကြဲတယ်။ ဆင်ဂုံး၊ စေတီစတဲ့နေရာတွေကို လာပစ်တာ။ သုံးခါတိတိလာပစ်တယ်။ ကျနော်ရွာနဲ့သိပ်မဝေးဘူး။ အကုန်မြင် နေရတယ်။ ဗုံးကြဲလို့ အခုတောင်တန်းတလျှောက် မီးလောင်နေတယ်။ အခုအချိန်အထိမီးလောင်နေတုန်းပဲ။ တိုက်ပွဲဖြစ်တာမရှိဘူး။ ဒီအတိုင်းလာပြီးတော့ ပစ်ခတ်သွားတာ။”လို့ ပြောပါတယ်။
ဗုံးကြဲတဲ့နေရာတွေဟာ မင်းပြားမြို့နယ် ဇိုင်းချောင်းချင်းရွာ၊ ကုလားမတောင်းကျေးရွာနဲ့ ကပ်ပဲပုလေးတောင်ကျေးရွာသားတွေက ရိုးမတောင်တန်းတွေမှာသွားရောက် တောင်ယာလုပ်ကိုင်း စားသောက်လေ့ရှိတဲ့နေရာဖြစ်တယ်လို့သိရပါတယ်။
ဇိုင်းချောင်း(ချင်းရွာ)သားတဦးက” အခုပစ်ခတ်ခဲ့တဲ့ နေရာတွေဆိုရင် ဇိုင်းချောင်းက ချင်းလူမျိုးတွေနေထိုင်ကျေးရွာနဲ့ဆိုရင် နီးနီးလေးပဲ။ ကျနော်တို့၊ ပုလဲတောင် ဆိုရင် ဒီတောင်တွေကို မီခို တောင်ယာတွေလုပ်ကိုင်းစားသောက်နေကြတာဗျ။ ၁၀ မိနစ် လောက်ကြာတယ်။ ပစ်ခတ်တာ၊ အဲ့ဒီမှာဗုံးတွေလည်းကြဲတယ်။ မီးလောင်နေတာ အကုန်မြင်နေရာတော့ ထပ်မံပစ်မှာစိုးလို့ ဗုံးတွင်းမှာ မိသားစုတွေခေါ်ပြီးတော့ ၁ နာရီကျော်ကြာနေလိုက်ရတယ်။” လို့ပြောပါတယ်။
မင်းပြားမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က”ကျနော်တို့ မင်းပြားမြို့နယ် အရှေ့ဘက်ပေါ့လေ။ ဖုံးသာချောင်းဘက်မှာတော့ တိုက်ပွဲဖြစ်တာမရှိပါဘူး။ ဒါပေမယ့် ဖုံသာအုပ်စုမှာ ခွဆုံ ချင်းရွာမှာလက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေရှိတယ်လို့ပြောတယ်။ ထိခိုက်ဒဏ်ရာရတာတော့မရှိဘူး။ ရွာရဲ့အပြင်ကို ကျတယ်။ ကျောက်မော်ကျေးရွာမှာ ဆိုရင်လက်နက်ကြီး နှစ်လုံးကျတယ်။” လို့ပြောပါတယ်။
လေကြောင်းပစ်ခတ်မှုကြောင့် ရွာသားတွေ ထိခိုက်သေဆုံးမှုရှိတယ်ဆိုတဲ့ သတင်းတွေကတော့ မကြားသိရသေးပါဘူး။
ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်က မင်းပြားမြို့နယ်၊ ကမ်းနီအမှတ်(၉) တပ်မတော် တိုင်းဗဟိုလေ့ကျင့်ရေးကျောင်းကို ရက္ခိုင့်တပ်တော်အေအေက ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
အခုကိစ္စနဲ့ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ရေးအဖွဲ့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို ဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာမရှိပါဘူး။