သြစတြေးလျ လေကြောင်းလိုင်း ကန်းတက်စ်လေယာဉ်ပြေးဆွဲမှု ၉၀ ရာခိုင်နှုန်း လျှော့ချမည်
DVB
·
March 17, 2020
သြစတြေးလျ လေကြောင်းလိုင်း ကန်းတက်စ်ဟာ အနည်းဆုံး မေလကုန်အထိ အချိန်အတွင်း နိုင်ငံတကာ လေကြောင်းလိုင်းပြေးဆွဲမှုကို ၉၀ ရာခိုင်နှုန်း လျှော့ချမယ်လို့ မတ် ၁၇ ရက်မှာ ပြောလိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် ပြည်ဝင်ခွင့်ကန့်သတ်ချက်အသစ်တွေ ထုတ်ပြန်ခဲ့တဲ့အတွက် သြစတြေးလျနိုင်ငံအတွင်း ခရီးသွားလုပ်ငန်း ဝယ်လိုအားက ဇောက်ထိုးကျဆင်းခဲ့တာပါ။
ပြည်တွင်းဈေးကွက် လိုအပ်ချက်က ၆၀ ရာခိုင်နှုန်း ကျဆင်းခဲ့လို့ လေယာဉ်စီးရေ ၁၅၀ ကို ရပ်ထားရမလို ဖြစ်ခဲ့တာပါ။
လုပ်ငန်းစဉ်အတွင်း လုပ်သား ပိုလျှံမှု သိသာလာတယ်၊ ဝန်ထမ်းအင်အား ၃ သောင်း သက်ရောက်မှုတွေကို ခံစားခဲ့ရတယ်လို့ ကန်းတက်စ်က ပြောပါတယ်။
သြစတြေးလျ ခရီးသွားလုပ်ငန်းဝန်ကြီး ဆိုင်မွန် ဘာမင်ဟမ်ကတော့ ကန်းတက်စ်ရော ပြိုင်ဘက် ဗာဂျင် သြစတြေးလျကပါ သူတို့စီးပွားရေးကို ကယ်ဖို့ အကူအညီ မတောင်းသေးဘူးလို့ ပြောပါတယ်။ ဒါပေမယ့် အစိုးရကလည်း အကူအညီပေးဖို့ ထုတ်မပြောသေးပါဘူး။
မတ်လ ၁၅ ရက် ညသန်းခေါင်ကစပြီး သြစတြေးလျနိုင်ငံထဲကို ရောက်လာတဲ့ နိုင်ငံခြားသား ခရီးသည်အားလုံး တခြားလူတွေနဲ့ ၁၄ ရက်ကြာ သီးခြားခွဲပြီးနေဖို့ သြစတြေးလျအစိုးရက ထုတ်ပြန်ထားပါတယ်။