Homeမြန်မာသတင်း
လုပ်ကြံမှုဖြစ်ခဲ့သည့် ဒီပဲယင်းမြို့နယ်သို့ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ်ပြန်သွားရောက်
လုပ်ကြံမှုဖြစ်ခဲ့သည့် ဒီပဲယင်းမြို့နယ်သို့ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ်ပြန်သွားရောက်
Aung Ko Latt
·
March 11, 2020
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီပဲယင်းမြို့နယ်က ဒေသခံပြည်သူလူထုတွေ တွေ့ဆုံပွဲကို ဒီပဲယင်းမြို့ ပြည်သူ့အားကစားကွင်းမှာ ဒီကနေ့ပြုလုပ်ရာမှာ လူဦးရေ သောင်းချီလာရောက်ခဲ့ပါတယ်။
အဝင်မှာ ကျန်းမာရေးစစ်ဆေးမှုအနေနဲ့ လက်ဆေးရည်ဖျန်းတာ၊ အပူချိန်တိုင်းတာတွေ ပြုလုပ်နေသလို လုံခြုံရေးလည်း တင်ကြပ်ထားပါတယ်။
ဒီခရီးစဉ်ဟာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နှစ်ပေါင်း ၁၇ နှစ်ကြာမှ ပထမဆုံးအကြိမ် ဒီပဲယင်းမြို့နယ်ကို ပြန်လည်လာရောက်တဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။
၂၀၀၃ ခုနှစ် မေလ ၃၀ ရက်က အန်အယ်လ်ဒီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးတို့ရဲ့အထက်မြန်မာပြည်စည်းရုံးရေး ခရီးစဉ်ကို ဒီပဲယင်းမြို့နယ် ကျည်ရွာမှာ တုတ်၊ ဓားနဲ့ဝါးချွန်တွေ ကိုင်ထားတဲ့ လူအုပ်စုကြီးက အကြမ်းဖက်လုပ်ကြံ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။