တပ်ရင်းမှူး ၁ ဦးအပါအဝင် တပ်မတော်သား ၂၀ ခန့်ကို ဖမ်းမိဟု အေအေအဖွဲ့ ထုတ်ပြန်
ဝဏ္ဏခွာညို
·
March 11, 2020
မြန်မာ့တပ်မတော်ဘက်က တပ်ရင်းမှူးအပါအဝင် အရာရှိနဲ့ ရဲဘော် အယောက် ၂၀ လောက်ကို ဖမ်းဆီးရမိထားတယ်လို့ ရက္ခိုင့်တပ်တော် (အေအေ) က သတင်းထုတ်ပြန်ပါတယ်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ မီးဝဗျူးဟာကုန်းမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်တို့ အကြား မတ်လ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်းမှာဖမ်းမိခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီတိုက်ပွဲမှာ မီးဝဗျူဟာကုန်းကို စစ်ကူပေးဖို့လာတဲ့ မြန်မာ့တပ်မတော်ရဲ့ စစ်ကြောင်းတွေ ထဲက တပ်မ(၇၇) လက်အောက်ခံ ပဲခူးတိုင်း၊ ဘုရားကြီးမြို့ အခြေစိုက် ခမရ(၇) ရဲ့ တပ်ရင်းမှူး သက်နိုင်ဦးအပါအဝင် အရာရှိ၊ အကြပ်၊ ရဲဘော်အားလုံးစုစုပေါင်း ၂၀ ဦးလောက်ကို လက်ရဖမ်းဆီးနိုင်ခဲ့တယ်လို့ အေအေ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အခုကိစ္စနဲ့ပတ်သက်လို့ တပ်မတော်အနောက်ပိုင်းတိုင်စစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးကို ဒီနေ့မနက် ဒီဗွီဘီက ဖုန်းဆက်သွယ်ခဲ့ရာမှာ ပြန်လည်ဖြေဆိုမရှိတဲ့အတွက် အဆိုပါ ဖမ်းဆီးမှုသတင်းနဲ့ ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။
ရက္ခိုင့်တပ်တော်အေအေ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကတော့ “ခမရ (၇) အဲ့ဒီတပ်ရင်းမှူးသက်နိုင်ဦးအပါအဝင် တပ်မတာ်သား ၂၀ ဦးကို ကျနော်တို့ လက်နက်ခဲယမ်းတွေအတူစစ်မြေပြင်မှာ ဖမ်းဆီးရရှိထားတာရှိတယ်။ နောက်ထပ်လည်း အလောင်း ၂၀ ကျော်လောက် သိမ်းဆည်းရမိထားတာရှိတယ်။ တပ်ရင်းမှူးနဲ့အတူတူ နောက်ထပ်အရာရှိ ဘယ်နှစ်ယောက်ပါတယ်ဆိုတာကိုတော့ ကျနော်တို့အားလုံးစစ်ဆေးလို့ ပြီးမှာပဲ ပြောလို့ရမယ်” လို့ ပြောပါတယ်။
ဖမ်းမိထားတဲ့ စစ်သုံ့ပန်းတွေကို ရက္ခိုင့်တပ်တော်ရဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ နိုင်ငံတကာ စစ်သုံ့ပန်းဥပဒေတို့အညီ ကောင်းကောင်းမွန်မွန်ထိန်းသိမ်းထားမယ်လို့လည်း ခိုင်သုခက ပြောပါတယ်။
ချင်းပြည်နယ် ပလက်ဝမြို့နယ်၊ မီးဝနားမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (အေအေ)တို့ တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေတာ တလနီးပါး ရှိနေပြီ ဖြစ်ပါတယ်။