Home
မြန်မာသတင်း
ကျောက်တော်မြို့နယ်တွင် ပစ်ခတ်မှုဖြစ်ပြီး အမျိုးသမီး ၁ ဦးသေဆုံး၊ အမျိုးသား ၁ ဦးဒဏ်ရာရ
ဝဏ္ဏခွာညို
·
March 10, 2020
89095333_864256410684172_241031567491727360_n
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်လောင်းရှည်ရွာမှာ မတ်လ ၁၀ ရက် မနက် ၇ နာရီကျော်လောက်က ပစ်ခတ်မှုဖြစ်လို့ ရွာသူအမျိုးသမီးတဦးကျည်ဆန်ထိမှန်ပြီးသေဆုံးခဲ့သလို အမျိုးသားတဦးက ခြေထောက်မှာ ဒဏ်ရာရှိခဲ့တယ်လို့ ကျေးရွာသားတွေကပြောပါတယ်။ လောင်းရှည်ကျေးရွာ အုပ်ချုပ်ရေးမှူးက ” လက်နက်ငယ်နဲ့ပစ်လိုက်တာ ကျနော်တို့ ကျေးရွာက အိမ်မှာစကားပြောနေကြတဲ့ အမျိုးသမီးတယောက်ကျည်ထိတယ်။ ဘယ်ဘက်နို့အုံမှာ ကျည်ဖောက်သွားပြီးတော့ ကျောကုန်းကနေ ထွက်သွားတယ်။ ကျည်ကျတဲ့နေရာမှာပဲ သေသွားတယ်။ နောက်တယောက်တော့ ဒဏ်ရာရတယ်။ အဲ့ဒီကျည်က ကျနော်တို့ ရွာရဲ့အရှေ့ဘက်ခြမ်း ၃ ဖာလုံအကွာမှာရှိတဲ့ ငန်းတောင်တပ်မတော်က စစ်သားတွေက လှမ်းပစ်လိုက်တာ။ ကျနော်တို့ရွာနဲ့ ဆိုရင် နီးနီးလေးပဲ၊ ရွာကလှမ်းခေါ်တာကို အဲ့ဒီငန်းတောင်ကနေကြားရတာ၊ အဲ့ဒီကနေလှမ်းပစ်လိုက်တာ။ ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၂၀ ရက်နေ့ ငန်းတောင်နားမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့ တကြိမ်တိုက်ပွဲဖြစ်ခဲ့ပြီးနောက်မှာ တိုက်ပွဲဖြစ်တာမရှိဘဲ အဲ့ဒီငန်းတောင်ကနေ မကြာခဏ ဆိုသလို လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်နေတာရှိတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။ လောင်းရှည် ကျေးရွာသားဦးစံသိန်းက “အခုကလက်နက်ငယ်နဲ့ လှမ်းပစ်တာဗျ၊ တိုက်ပွဲဖြစ်တာလည်းမရှိဘူး။ ဒီကနေ့ မနက်ပိုင်း ၇ နာရီကျော်လောက်ပစ်လိုက်တာ၊ အဲ့ဒီ ငန်းတောင်ကနေတပ်မတော်စခန်းချထားတဲ့နေရာကနေပစ်တာ၊ မထင်ရင်မထင်သလိုဖြစ်နေတာဗျ၊ မကြာခဏအဲ့လိုပစ်ခတ်နေတာ။ ကျနော်တို့ အပြင်လည်းထွက်ပြီးအလုပ်မလုပ်ရဲကြတော့ဘူး။ ရေခတ်ဖို့ရွာအပြင်ကို သွားရင်တောင် ညဉ့်အမှောင်ထဲမှာ သွားပြီး ခပ်နေကြရတယ်”လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ တပတ်လောက်ကလည်း လက်နက်ကြီးကျလို့ အမျိုးသမီးတဦး ခြေထောက်ဒဏ်ရာရရှိခဲ့ပြီး ကျေးရွာက နွား ၅ ကောင်သေဆုံးခဲ့တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။ လောင်းရှည်ကျေးရွာက သေဆုံးသူ အသက် ၄၃ အရွယ် ဒေါ်သန်းစိန် ဒီကနေ့ မနက်ပိုင်းက ကျေးရွာမှာ မြေမြုပ်သင်္ချိုင်းမှာသင်္ဂြိုဟ်ခဲ့ပြီး ခြေထောက်ဒဏ်ရာရတဲ့ အသက် ၃၅ အရွယ် ဦးမောင်တုတ်ချေကိုတော့ ဆေးကုသပေးထားတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးကပြောပါတယ်။ အခုကိစ္စနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးဗိုလ်မှူးကြီးဝင်းဇော်ဦးကို ဖုန်းဆက်သွယ်ခဲ့ရာမှာ မအားတာကြောင်း နောက်မှ ပြန်လည်ဖုန်းဆက်ပေးဖို့ ပြန်လည်ဖြေဆိုခဲ့ပြီး ရက္ခိုင့်တပ်တော်အေအေပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကိုဆက်သွယ်ရာမှာတော့ ဒီကနေ့ မနက်ပိုင်း အဲ့ဒီကျေးရွာအနားမှာ တိုက်ပွဲဖြစ်တာမရှိဘူးလို့ ဖြေဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024