Homeမြန်မာသတင်း
မင်းပြားတွင် တိုက်ပွဲပြင်းထန် ဖြစ်ပွားပြီး အရပ်သားများ ဒဏ်ရာရ၊ နေအိမ် ၁၀ လုံးမီးလောင်
မင်းပြားတွင် တိုက်ပွဲပြင်းထန် ဖြစ်ပွားပြီး အရပ်သားများ ဒဏ်ရာရ၊ နေအိမ် ၁၀ လုံးမီးလောင်
ဝဏ္ဏခွာညို
·
March 10, 2020
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရာမောင်တံတားအနီး ဖားပြိုကျေးရွာအနီးမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်(အေအေ)တို့ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားပြီး အရပ်သားတချို့ ဒဏ်ရာရရှိခဲ့သလို နေအိမ် ၁၀ လုံးထက်မနည်း မီးလောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မတ် ၉ ရက် ညနေ ၅ နာရီဝန်းကျင်လောက်က ဖားပြိုကျေးရွာအနီးမှာ တပ်မတော်နဲ့ အေအေတပ်တွေ တိုက်ပွဲဖြစ်ပွားရာကနေ လက်နက်ကြီးနဲ့ လှမ်းပစ်ခတ်လိုက်တာကြောင့် ကျေးရွာမှာ နေသူတချို့ ထိခိုက်ဒဏ်ရာရှိသလို နေအိမ်တွေလည်း မီးလောင်ပျက်စီးခဲ့တာပါ။
ဖားပြိုကျေးရွာ ကျောင်းထိုင်ဆရာတော်က “ရွာက ထိခိုက်ဒဏ်ရာရတာက လေးယောက် ရပါတယ်။ အဲဒီမှာ နှစ်ယောက်ကတော့ မင်းပြားဆေးရုံ ရောက်နေတယ်။ နှစ်ယောက်တော့ လမ်းမှာပဲ ရှိနေသေးတယ်။ အဲဒီလေးယောက်ထဲမှာ တယောက်က ညှပ်ရိုးကျိုးသွားတယ်။ အဲဒီဒကာတယောက်ဆိုရင် အခြေအနေ စိုးရိမ်ရတယ်။ တိုက်ပွဲ ဖြစ်နေတဲ့အချိန်မှာ လက်နက်ကြီးနဲ့ လှမ်းပစ်လို့ ရွာမှာ နေအိမ် ၁၀ လုံး မီးလောင်သွားတယ်။”
တိုက်ပွဲပြင်းထန်လို့ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့သူ အရေအတွက် ဒီထက်များနိုင်တယ်လို့ မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းအောင်က ဒီဗွီဘီကို ပြောပါတယ်။
“လက်နက်ကြီးကျလို့ ထိခိုက်ဒဏ်ရာရတဲ့သူတွေက ၈ ဦးထက် မနည်းဘူးဗျ၊ ဒီထက်လည်း များနိုင်တယ်။ ဒဏ်ရာရတဲ့တချို့ကတော့ င/စိုင်းရိုင်းချောင်းတို့မှာ ဆေးကုသနေရတယ်။ တချို့ကျတော့ မင်းပြားဘက်ကို လာကြတယ်။ မနေ့က တိုက်ပွဲ တော်တော်ပြင်းထန်တယ်။ ဒီကနေ့ မနက်ပိုင်းတော့ တိုက်ပွဲမဖြစ်ဘူး။ ရန်ကုန်-စစ်တွေ လမ်းမကလည်း တိုက်ပွဲဖြစ်နေတော့ အသွားအလာ မရှိသလောက်ပါပဲ။
တိုက်ပွဲနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးဗိုလ်မှူးကြီးဝင်းဇော်ဦးကို ဖုန်းဆက်သွယ်ခဲ့ရာမှာ မအားတာကြောင်း နောက်မှ ပြန်ပြီး ဖုန်းဆက်ပေးဖို့ ဖြေဆိုခဲ့ပြီး ရက္ခိုင့်တပ်တော်အေအေ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကိုတော့ ဆက်သွယ်လို့ မရရှိခဲ့ပါဘူး။