မြောက်ဦးမြို့နယ်တွင် မိုင်းပေါက်ကွဲ၍ လူငယ် ၁ ဦးသေဆုံး၊ ၄ ဦးဒဏ်ရာရ
ဝဏ္ဏခွာညို
·
March 6, 2020
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ပေါင်းဒုတ်ကျေးရွာအုပ်စုမှာ မိုင်းပေါက်ကွဲမှုဖြစ်လို့ လူငယ် ၁ ဦးသေဆုံးခဲ့ပြီး ၄ ဦးဒဏ်ရာရှိခဲ့တယ်လို့ မိသားစုဝင်တွေက ဒီဗွီဘီကိုပြောပါတယ်။
မတ် ၆ ရက် မနက်ပိုင်း ၈ နာရီဝန်းကျင်လောက်က ပရိန်းကျေးရွာနဲ့ ပိုးဖြူကျွန်း ကျေးရွာဆင်းလမ်းအနီးမှာ နွားကျောင်းနေကြရင်း မိုင်းပေါက်ကွဲဖြစ်ပွားခဲ့တာလို့ ဒဏ်ရာရရှိခဲ့သူ ဟာဒူစူးကူးရဲ့ ဖခင် မာမတ်ဟူးဆောင်းက ဒီဗွီဘီကို ပြောပါတယ်။
“ကျနော်သားအပါအဝင် သူတို့အသိတွေနဲ့ ရွာအနားမှာ နွားကျောင်းနေကြတာ။ အဲ့ဒီမှာ မိုင်းပေါက်ကွဲဖြစ်တယ်။ ၅ ယောက်သွားတဲ့အထဲမှာ ၄ ယောက်ဒဏ်ရာရတယ်။ ကျနော့်သားဒဏ်ရာက တော်တော်ပြင်းတယ်။ နောက်တယောက်တော့ ပေါက်ကွဲမှုဖြစ်တဲ့နေရာမှာပဲ သေဆုံးတယ်။ အကုန်လူငယ်လေးတွေပဲ၊ ဒဏ်ရာရရှိခဲ့သူတွေကတော့ ပေါင်းဒုတ်ကျေးရွာကြီးကနေ ကျေးရွာသား ၃ ဦး အနည်းငယ် ဒဏ်ရာရရှိခဲ့ပေမယ့် ပေါင်းဒုတ်ကျေးရွာချေက ဟာဒူစူးကူးမှာ ဘယ်ဘက်ပေါင်းနဲ့ ဘယ်ဘက်ဘေးစောင်းမှာ ပြင်းထန်ဒဏ်ရရှိခဲ့ပြီး တယောက်ကတော့ သေဆုံးခဲ့ပါတယ်။”
လက်ရှိမှာ ဒဏ်ရာရရှိခဲ့တဲ့သူ ၄ ဦးအနက် သားဖြစ်သူကတော့ ဒဏ်ရာပြင်းထန်တဲ့ အတွက်ကြောင့် မြောက်ဦးမြို့နယ် မြောင်းဘွေ ဆေးရုံမှာ အရေးပေါ်ဆေးကုသမှုခံယူနေရတယ်လို့ မာမတ်ဟူးဆောင်းက ပြောပါတယ်။
ဖေဖော်ဝါရီ ၂၉ ရက်က မြောက်ဦးမြို့နယ် မြောင်းဘွေကျေးရွာအနီးမှာ တပ်မတော် စစ်ကြောင်းမိုင်းဆွဲခံရပြီးနောက်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပါတယ်။