စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်သားတွေဟာ မတ်လ ၁ ရက် ဒီမနက် ၁၁ နာရီကျော်လောက်က ဒေသခံ PDF ထောင်ထားတဲ့မိုင်းကို ဝင်ရောက်ဖြုတ်စဥ် မိုင်းပေါက်ကွဲပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးထက်မနည်း သေဆုံးဒဏ်ရာရခဲ့တယ်လို့ ဒေသခံ PDF က ပြောပါတယ်။
မိုင်းပေါက်ကွဲတဲ့နေရာဟာ ခင်ဦးမြို့နယ် ယာတော်ကျေးရွာနဲ့ မန်ကျီးအုပ်ကျေးရွာကြားမှာ ဖြစ်တယ်လို့လည်း PDF အဖွဲ့ခေါင်းဆောင်က ဆိုပါတယ်။
RDA တပ်ခွဲ ခင်ဦး S.S.T.F အဖွဲ့ခေါင်းဆောင်က “ကြိုတင်ထောင်ထားတဲ့ မိုင်းတွေကို ကျနော်တို့အလစ် သူတို့ဝင်ဖြုတ်ကြတာကို ကျနော်တို့အဖွဲ့တွေကသိလို့ ပြန်ဖောက်ခွဲခဲ့ကြတယ်။ သူတို့ဘက်က အဲလိုအဆွဲခံရပြီး စခ ၅ ကောင် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ခင်ဦးမြို့ကနေ ဖေဖော်ဝါရီ ၂၇ ရက် စတင်ထွက်ခွာပြီး ဒေသခံ ကာကွယ်ရေးအဖွဲ့တွေနဲ့ မြေပြင်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ၃ ရက်တာအတွင်း စစ်ကောင်စီတပ်ဘက်က သေဆုံးသူ ၂၀ ကျော်ရှိပြီလို့ ဒေသခံ ကာကွယ်ရေးအဖွဲ့ဝင်တွေက ဆိုပါတယ်။
စစ်ကောင်စီတပ်ဘက်က အကျအဆုံးကိုတော့ စစ်ကောင်စီက တစုံတရာ သတင်းထုတ်ပြန်ထားတာ မရှိသေးသလို ဒီဗွီဘီအနေနဲ့လည်း သီးခြားအတည်ပြုချက် ရယူနေဆဲ ဖြစ်ပါတယ်။
စစ်ကောင်စီကတော့ ဒီနေ့ မတ်လ ၁ ရက်နေ့မှာ ရေဦးမြို့ပေါ်ကို နမခစစ်တပ်ကနေ စစ်သားအင်အား ၅၀ လောက် ဂျက်လေယာဉ်နဲ့ အင်အားထပ်ဖြည့်လာတာတွေ ရှိသလို ဒဏ်ရာရရှိထားတဲ့ အရာရှိတွေကိုလည်း ဂျက်လေယာဉ်နဲ့ မုံရွာစစ်ဆေးရုံကို ပြန်လည်ခေါ်ယူတာတွေ ရှိနေတယ်လို့ ရေဦးဒေသခံတွေက ပြောပါတယ်။