အာဆာအကြမ်းဖက်သမား ၂ ဦးကို လုပ်သေနတ်၊ လက်လုပ်မိုင်း၊ မူးယစ်ဆေးများနှင့်အတူ အသေဖမ်းမိ
DVB
·
March 4, 2020
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ သဲချောင်းကျေးရွာအုပ်စု၊ သဲချောင်းဖာရီ ကျေးရွာအနီး မတ်လ ၃ ရက် နေ့လယ် ၁ နာရီကျော်လောက်က အာဆာ အကြမ်းဖက်အဖွဲ့ဝင် ၂ ဦးကို လုပ်သေနတ်၊ လက်လုပ်မိုင်းတွေအပြင် မူးယစ်ဆေးဝါးနဲ့အတူ အသေဖမ်းမိခဲ့တယ်လို့ နယ်ခြားစောင့်တပ်ဖွဲ့ခွဲ -နခခ(၁)မှ တာဝန်ရှိသူတဦးက ပြောပါတယ်။
နယ်မြေရှင်းလင်းရေးလုပ်စဉ် နယ်စပ်ခြံစည်းရိုးအနီး လက်နက်လွယ်ထွက်လာတဲ့ အာဆာ အကြမ်းဖက်သမား ၂ ဦးကို ရပ်တန့်ဖို့ ရှေ့ပြေးတပ်က ပြောကြားပေမယ့်လည်း သေနတ်နဲ့ ပြန်လည်ပစ်ခတ်တဲ့အတွက် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး အာဆာ အကြမ်းဖက် ၂ ဦးအား အသေ ဖမ်းမိခဲ့တာပါ။
နယ်ခြားစောင့်တပ်ဖွဲခွဲ-နခခ(၁)မှ တာဝန်ရှိသူတဦးက "သူတို့က ပြန်လည်ခုခံပစ်ခတ် လာတော့ အသေပစ်လိုက်ရတယ်။ သူတို့ထံက လက်နက်တွေ၊ လက်လုပ်မိုင်းတွေအပြင် မူးယစ်ဆေးတွေပါ သိမ်းဆည်းရမိခဲ့တယ်"လို့ ပြောပါတယ်။
အသေဖမ်းမိတဲ့ အာဆာအကြမ်းဖက် ၂ ဦးထံက အရှည် ၄ ပေ လုပ်သေနတ်တစ်လက်၊ ကျည် ၂ ထောင့်၊ ကျည်ခွံတစ်ခု ပလတ်စတိတ်နဲ့ လုပ်ထားတဲ့ အချင်း ၁ လက်မခွဲ၊ အမြင့် ၄ လက်မရှိတဲ့ လက်လုပ်မိုင်းတလုံး၊ သံဗူးဖြင့်ပြုလုပ်ထားတဲ့ အချင်း ၃ လက်မ၊ အမြင့် ၂ လက်မရှိတဲ့ လက်လုပ်မိုင်း တလုံးနဲ့ အသုံးအဆောင်ပစ္စည်းတွေ၊ အစားအသောက်တွေအပြင် wy စိတ်ကြွ ဆေးပြား ၂၉၅၀၀ ပြား ပါ သိမ်းဆည်းရမိခဲ့ကြောင်း တောင်ပြိုလက်ယာစခန်းမှ သိရပါတယ်။
မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောက်ကလည်း "အာဆာ ပေါ့ဗျာ၊ ပြန်လည်ခုခံ ပစ်တာကို"လို့ ထပ်မံအတည်ပြုပြောပါတယ်။
အသေဖမ်းမိသူ အာဆာအကြမ်းဖက်ရုပ်အလောင်းကို မောင်တောမြို့ ပြည်သူဆေးရုံသို့ ပို့ဆောင်ထားပါတယ်။
သတင်း - လင်းလက်