မင်္ဂလာဆောင်သို့ သတို့သား ရောက်မလာသဖြင့် သတို့သမီးဘက်က တရားရုံးသို့တိုင်ကြား
DVB
·
March 4, 2020
ပဲခူးတိုင်း၊ ဖြူးမြို့က မင်္ဂလာဆောင်တခုမှာ သတို့သားရောက်မလာတဲ့အတွက် မိန်းကလေးရှင် သတို့သမီးဘက်က အရှက်တကွဲဖြစ်ခဲ့ရပြီး ဂုဏ်သိက္ခာကိုပါ ထိခိုက်စေတာကြောင့် ဒီနေ့မနက်ပိုင်းက ဖြူးမြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက်ထားတိုင်ကြားမှုဖြစ်ပွားခဲ့ပါတယ်။
အဆိုပါမင်္ဂလာပွဲကို မတ်လ ၂ ရက်နေ့ပြုလုပ်ခဲ့တာဖြစ်ပြီး မင်္ဂလာပွဲသို့ သတို့သားနဲ့ မိဘတွေ မလာရောက်တာကြောင့် သတို့သမီးဘက်က အခုလို တရားရုံးသို့တိုင်ကြား တာဖြစ်ပါတယ်။
မိန်းကလေးဟာ ချို့ငဲ့သူ ဖြစ်တာကြောင့် ဖြူးမြို့နယ် ဥပဒေအထောက်အကူပေးရေးအဖွဲ့က အခမဲ့လိုက်ပါ ဆောင်ရွက်ပေး နေတယ်လို့ တရားလိုအမျိုးသမီးရဲ့ အကျိုးဆောင် တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်စောနွယ်က ပြောပါတယ်။
"ကျမတို့ကတော့ ဒီနေ့တရားရုံးကိုစာတင်ပြီး တိုင်ကြားထားပါပြီ။ ဘယ်လိုပုဒ်မတွေနဲ့ အရေးယူမယ်ဆိုတာကတော့ တရားရုံးအပိုင်းပါ။ တန်းပြီးလက်ခံမလား ဒါမှမဟုတ် ရဲစခန်းကိုပဲ ပြန်ချပေးမလားဆိုတာတော့ တရားလိုကို စစ်ဆေးပြီးမှ တရားရုံးကလုပ်ဆောင်မှာပါ။ ကျမကတော့ နစ်နာတဲ့ မိန်းကလေးဟာ ပြည့်စုံမှုမရှိတာရယ် နောက်ပြီးနစ်နာမှုတွေက များနေတဲ့အတွက် ကျမတို့ အကျိုးဆောင်အဖွဲ့က အခမဲ့လိုက်ပါဆောင်ရွက်ပေးတာပါ။"
အဆိုပါ အမျိုးသားနဲ့နစ်နာသူ မိန်းကလေးဟာ လွန်ခဲ့တဲ့ ၁ နှစ်လောက်ကတည်းက ချစ်ကြိုက်နေသူတွေဖြစ်ပြီး မိန်းကလေးမှာလည်း ကိုယ်ဝန်ရရှိလာတာကြောင့် နစ်နာသူအမျိုးသမီးက လက်ထပ်ဖို့ ပြောဆိုရာမှာ လက်ခံပြီး မင်္ဂလာဆောင်စရိတ်ပေးခဲ့တာ ဖြစ်ပါတယ်။
မင်္ဂဆောင်ဖြစ်မြောက်ရေးအတွက်လည်း စီစဉ်ခိုင်းခဲ့ပြီး မင်္ဂလာဆောင်မယ့် မနက်မှာ သတို့သား ရောက်မလာတာကြောင့် အခုလိုတိုင်ကြားခဲ့တာလို့ နစ်နာသူရဲ့ မိသားစုဝင်က ပြောပါတယ်။
သတင်း - ကျော်အောင် (ကညွတ်ကွင်း)