Home
မြန်မာသတင်း
ပြည်သူ ၆၀  ရာခိုင်နှုန်းက အန်အယ်လ်ဒီကို ယုံကြည်မှု ရှိနေသေးဟု မန်းဝန်ကြီးချုပ် ပြော
DVB
·
March 3, 2020
DrZawMyintMaung
မြန်မာပြည်သူလူထု ၆၀ ရာခိုင်နှုန်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီကို ယုံကြည်မှု ရှိနေသေးတယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူ  မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောပါတယ်။ မတ် ၂ ရက်က ကျင်းပတဲ့ ချမ်းမြသာစည်မြို့နယ်  အန်အယ်လ်ဒီပါတီ ရုံးဖွင့်ပွဲမှာ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားလိုက်တာပါ။ နိုင်ငံရေးအရ နိုးကြားတက်ကြွသူတွေ။ သတင်းမှားတွေကို မယုံသူတွေ စဉ်းစား ဆင်ခြင်တုံတရား ရှိသူတွေ တော်တော်များများဟာ အန်အယ်လ်ဒီကို ယုံကြည်ကြတယ်၊ ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရဖို့အတွက် စည်းလုံးဖို့ လိုတယ်လို့ ပါတီဝင်တွေကိုမှာကြားသွားပါတယ်။  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဒုဥက္ကဋ္ဌ-၂ ဒေါက်တာဇော်မြင့်မောင်က “နိုင်ကိုနိုင်ရမယ်။ နိုင်မယ်လို့လည်း ယုံကြည်ထားတယ်။ စည်းရုံးရေးကို အရင်ကထက် ဆတက်ထမ်းပိုး ကြိုးစားလုပ်စေချင်ပါတယ်။ ဒီအချိန်မှာ သဘောထား မတူညီမှုတွေကတော့ ပါတီတခုမှာ အမြဲတမ်း ရှိနေတာပဲ။ အဲဒီသဘောထား မတူညီမှုတွေကို ညှိယူကြရမယ်။ လမ်းကြောင်းတခုတည်းကို သွားမယ်။ အချင်းချင်း လက်တွဲပြီး ကျောချင်းကပ်သွားဖို့ အရေးကြီးပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲ တခုတည်းကိုပဲ ဦးတည်ပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေအားလုံး ကြိုးစားပမ်းစား ဆောင်ရွက်စေချင်ပါတယ်” လို့ ပြောပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲ နိုင်ဖို့ဆိုတာ အာဏာကို မက်လို့မဟုတ်ဘဲ လုပ်ပိုင်ခွင့်ကိုသာ ရလိုပြီး ဒီမိုကရေစီစနစ် အမြစ်တွယ် ရှင်သန်ဖို့ရာအတွက် ဖြစ်တယ်၊ ကိုယ့်စိတ်နဲ့ကိုယ် ပါတီကို ဝင်လာတာဖြစ်တဲ့အတွက် စည်းရုံးရေးတာဝန်ကို အပြည့်အဝ ထမ်းဆောင်ဖို့ လိုတယ်လို့လည်း  ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့ပြီး အစိုးရဖွဲ့ခွင့် ရရှိခဲ့ပါတယ်။ အစိုးရဖြစ်လာပြီးနောက်မှာ ၂၀၁၅ ရွေးကောက်ပွဲရဲ့ အဓိက ကတိကဝတ်တခုဖြစ်တဲ့ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးကို လက်ရှိ လွှတ်တော်ထဲမှာ ဆောင်ရွက်နေပါတယ်။  သတင်း- နိုင်လင်းဦး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024