တရုတ်တွင် သားရိုင်းတိရစ္ဆာန်ဘေးမဲ့တော ချဲ့ထွင်
DVB
·
March 2, 2020
တရုတ်နိုင်ငံ သစ်တောနဲ့ မြက်ခင်းလွင်ပြင် စီမံအုပ်ချုပ်ရေးရုံးက သားရိုင်းတိရစ္ဆာန်တွေကို ကာကွယ်ရေးနယ်ပယ် တိုးချဲ့လိုက်ပါတယ်။
ဒါ့အပြင် စားသုံးဖို့ သားရိုင်းတိရစ္ဆာန်တွေကို သားဖောက် မွေးမြူခွင့်လိုင်စင်ကိုလည်း ရုပ်သိမ်းမှာ ဖြစ်ပါတယ်။
“နိုင်ငံတလွှားက တောရိုင်းသားကောင်ရောင်းတဲ့ ဆိုင်ပေါင်း ၈၀၀ ကျော်က ဝန်ထမ်းတွေရဲ့ ကျန်းမာရေးကို ချက်ချင်းစစ်ဆေးဖို့ လိုတယ်။ တိရစ္ဆာန်တွေ ပုံမှန်မဟုတ်ဘဲ သေဆုံးမှုနဲ့ နေမကောင်းဖြစ်ရတဲ့ အကြောင်းရင်းကိုလည်း စစ်ဆေးရမယ်။ ဒုတိယအနေနဲ့ နိုင်ငံတလွှား သားရိုင်းတိရစ္ဆာန်သားဖောက်ရုံတွေကို အထိအတွေ့မရှိ သီးခြားထားဖို့ ရှင်းရှင်းလင်းလင်း လိုအပ်တယ်။ သားရိုင်းတိရစ္ဆာန်ကုန်သွယ်မှု တရားမဝင် အမဲလိုက်မှုတွေကို တိုက်ဖျက်ရေး တင်းတင်းကျပ်ကျပ် ဆောင်ရွက်ရမယ်။ သားရိုင်းတိရစ္ဆာန် ကုန်သွယ်မှု သယ်ယူပို့ဆောင်ရေးအား လုံးကို ရပ်တံ့ရမယ်” လို့ သားရိုင်းနဲ့ သစ်တောထွက်အပင်များကာကွယ်ရေးဌာန ဒုညွှန်မှူး ဝမ်ဝေရှောင်းက ပြောပါတယ်။
ကုန်မကူးဖို့ တားမြစ်ပိတ်ပင်ထားတဲ့ သားရိုင်းတိရစ္ဆာန်တွေကို စားသောက်ခဲ့ရင် ယွမ်ငွေ ၂ သောင်းကို ဒဏ်ငွေအဖြစ် ပေးဆောင်ရမှာဖြစ်ပြီး မကာကွယ်ထားတဲ့ သားရိုင်းတိရစ္ဆာန်တွေကို စားသောက်ခဲ့ရင်တော့ ယွမ်ငွေ ၂ ထောင် ဒဏ်တပ်ခံရမယ်လို့ စည်းမျဉ်းမူကြမ်းက ဆိုပါတယ်။
ကာကွယ်စောင့်ရှောက်ရမယ့် စာရင်းဝင် သားရိုင်းတိရစ္ဆာန်တွေကို ရောင်းချတဲ့ဆိုင်တွေက တော့ ယွမ်ငွေ ငါးသောင်းထိ ဒဏ်ငွေပေးဆောင်ရမှာပါ။
ကိုရိုနာဗိုင်းရပ်စ်သစ်ဟာ တရုတ်အလယ်ပိုင်း ဝူဟန်မြို့က သားရိုင်းတိရစ္ဆာန် ရောင်းချတဲ့ ဈေးကနေ စတင်ကူးစက်တယ်လို့ ယုံကြည်ထားပါတယ်။
ခုတော့ ဒီဗိုင်းရပ်စ်ဟာ ကမ္ဘာတလွှား နိုင်ငံပေါင်း ၆၈ နိုင်ငံက လူပေါင်း ၉ သောင်းနီးပါးကို ကူးစက်ခဲ့ပြီး လူ ၃၀၀၀ ကျော် သေဆုံးခဲ့ပြီးပါပြီ။