တောင်ကုတ်မြို့နယ်တွင် ရဲကား ၁ စီး မိုင်းဆွဲတိုက်ခိုက်ခံရ
DVB
·
February 26, 2020
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ကနေ မအီမြို့ကိုသွားတဲ့ ရဲကားတစ်စီး ဒီနေ့ မိုင်းဆွဲတိုက်ခိုက်ခံရပြီး အပြန်အလှန်ပစ်ခတ်တာတွေရှိခဲ့တယ်လို့ တောင်ကုတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနိုင်က ဒီဗွီဘီကို ပြောပါတယ်။
“ပစ်ခတ်မှုဆိုတာထက် မိုင်းခွဲတာပေါ့။ အကြမ်းဖက်သမားတွေက ထုံးစံအတိုင်းပေါ့၊ မိုင်းခွဲပြီးတော့ ပစ်တာပေါ့။ ရဲကားကို မိုင်းခွဲတာပေါ့။ ထိခိုက်ဒဏ်ရာရရှိတာ မရှိပါဘူး။ မအီဘက်ကို သွားတာပေါ့” လို့ပြောပါတယ်။
တောင်ကုတ်မြို့နဲ့ ၁၄ မိုင်လောက်ဝေးတဲ့ ပေါက်ပြင်ရွာနားမှာ ဖြစ်ခဲ့တာလို့ ဒေသခံတယောက်က ပြောပါတယ်။
ပေါက်ပြင်ကျေးရွာနေ ဦးကျော်မျိုးက “ဒီနေ့ ၁၂ နာရီမထိုးခင်ကပေါ့။ တောင်ကုတ်နဲ့ဆိုရင် ၁၄ မိုင်ခွဲလောက်တော့ရှိမယ်၊ ပေါက်ပြင်ရွာမှကြိုဆိုပါ၏ ဆိုတဲ့ ဆိုင်းဘုတ်ရဲ့ခပ်လှမ်းလှမ်းလေးမှာပဲ အဲဒီနားမှာ ဘောက်ကာဘာ တံတားလေးတခုရှိတယ်၊ အဲဒီနားမှာဖြစ်တာပေါ့၊ အုန်းဆိုပြီးတော့ အသံကြားပြီးတော့ ပေါက်ကွဲတာပေါ့၊ ငါးမိနစ်လောက်တော့ သေနတ်နဲ့ ပစ်ခတ်သံတွေ ကြားလိုက်ရတယ်။ အဲဒီဟာမဖြစ်ခင်တော့ ရဲကားတစ်စီးဖြတ်သွားတယ်လို့ ပြောသံကြားတယ်၊ သူတို့သွားပြီးသိပ်မကြာဘူး ပေါက်ကွဲသံကြားရတော့တာ” လို့ ပြောပါတယ်။
ရဲကားမိုင်းဆွဲတိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး အေအေပြန်ကြားရေးတာဝန်ခံ ခိုင်သုခကို ဆက်သွယ်မေးမြန်းရာမှာတော့ သူမသိသေးဘဲ ရုံးချုပ်ကို မေးမြန်းထားတယ်လို့ ဖြေကြားခဲ့ပါတယ်။