မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ လက်မှတ်ကုန်းနယ်မြေရဲစခန်းက ရဲအရာရှိတယောက်ရဲ့ ကား ဇန်နဝါရီ ၂၅ ရက် ညပိုင်းက မိုင်းဆွဲတိုက်ခိုက်ခံရပြီး ကားထိခိုက်ပျက်စီးကာ ဒဏ်ရာရသူ ရှိနိုင်တယ်လို့ ရေနံချောင်း ဖေကံကောင်းတပ်ဖွဲ့ကနေ သိရပါတယ်။
ရေနံချောင်းဖေကံကောင်းတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဖက်တီးက “ရေနံချောင်းမြို့နယ် တွင်းကုန်းပေါ်ကနေပြန်လာတဲ့ ရဲအရာရှိတယောက်ရဲ့ကားကို မနေ့ ဇန်နဝါရီ ၂၅ ရက် ညနေ ၅ နာရီလောက်မှာ မိုင်းဆွဲတိုက်ခိုက်ဖို့ လုပ်တဲ့အချိန်မှာ ခရီးသည်တင် အံစာတုံးကားတစီးကို ရှောင်ခွဲလိုက်တော့ အဲဒီရဲအရာရှိရဲ့ကား ဘော်ဒီကိုထိခိုက်ပြီး ထိုးရပ်သွားတယ်” လို့ ပြောပါတယ်။
အဲဒီရဲအရာရှိဟာ ရဲတပ်သားတယောက်နဲ့အတူ ပြန်လာတဲ့အချိန် တွင်းကုန်းနဲ့ လက်မှတ်ကုန်းရဲစခန်းကြားမှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ စုံစမ်းသိရကြောင်း ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုဖြစ်ပြီးတဲ့နောက်မှာ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ကားတွေနဲ့ လိုက်လံရှာဖွေပြီး ရေနံချောင်းမြို့ လက်မှတ်ကုန်းရဲစခန်းနားက လူငယ်တယောက်ကို ညပိုင်းမှာ ဖမ်းဆီးပြီး ညှဥ်းပန်းနှိပ်စက်ခဲ့တယ်လို့ ကိုဖက်တီးက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို ရေနံချောင်းမြို့နယ် ပ.က.ဖ၊ Hunter Dragon Group၊ ချောက်မြို့နယ်ပြောက်ကျားတပ်ဖွဲ့-CGF တို့နဲ့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်ကရဲတွေ ထိခိုက်တဲ့အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။