Homeမြန်မာသတင်း
ဗိုလ်ချုပ်ထွန်းမြတ်နိုင် မိသားစု ဆွစ်ဇာလန်ရောက်သွားသဖြင့် ထိုင်းအစိုးရကို ကျေးဇူးတင်ဟု အေအေပြော
ဗိုလ်ချုပ်ထွန်းမြတ်နိုင် မိသားစု ဆွစ်ဇာလန်ရောက်သွားသဖြင့် ထိုင်းအစိုးရကို ကျေးဇူးတင်ဟု အေအေပြော
ဝဏ္ဏခွာညို
·
February 26, 2020
ရက္ခိုင့်တပ်တော် အေအေစစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ဇနီးနဲ့ သားသမီးတို့ ဆွစ်ဇာလန်နိုင်ငံကို ထွက်ခွာနိုင်အောင်လုပ်ဆောင်ပေးခဲ့တဲ့ ထိုင်းအစိုးရကို အထူး ကျေးဇူးတင်တယ်လို့ အေအေပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ဒီဗွီဘီကို ပြောပါတယ်။
ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ဇနီးမနှင်းဇာဖြူ(ဇာဇာ) သားသမီးနှစ်ယောက်တို့ ထိုင်းနိုင်ငံဘန်ကောက်မြို့ကနေ ဆွစ်ဇလန်နိုင်ငံကို မနေ့က ထွက်ခွာသွားတာ ဖြစ်ပါတယ်။
“သူတို့မနေ့က နေ့လယ်ပိုင်းမှာ UNHCR ရဲ့အစီအစဉ်နဲ့ ဆွစ်ဇာလန်ကို ထွက်ခွာသွားပြီးဖြစ်ပါတယ်။ အခုလိုမျိုး လုံလုံခြုံခြုံနဲ့ တတိယနိုင်ငံတခုရောက်အောင် လူသားချင်းစာနာမှုအပြည်နဲ့ အမှန်တရားဘက်က မှန်မှန်ကန်ကန်လုပ်ဆောင်ပေးတဲ့ ထိုင်းအစိုးရကိုလည်း ကျနော်တို့က အထူးပဲကျေးဇူးတင်ပါတယ်။ ပြီးတော့ UNHCR အပါအဝင်တခြား လူ့အခွင့်အရေးမြတ်နိုးတဲ့ ကျနော်တို့ မိတ်ဆွေတွေအားလုံးကိုလည်းပဲ အထူးကျေးဇူးတင်ပါတယ်” လို့ပြောပါတယ်။
ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ဇနီး မနှင်းဇာဖြူနဲ့ သမီးကြီး စောပြည့်ရှင် (၁၁ နှစ်) နဲ့ သားငယ် မြတ်လင်းဇင် (၁၁ လ) တို့ဟာ ၂၀၁၉ ဒီဇင်ဘာ ၄ ရက်က ချင်းမိုင်လ၀ကရုံးမှာ ဗီဇာသက်တမ်းလာတိုးစဉ် သူတို့ရဲ့ပတ်စပို့စ်စာအုပ်တွေကို မြန်မာအစိုးရက ရုပ်သိမ်းလိုက်ပြီလို့ အကြောင်းကြားလာတဲ့အတွက် နိုင်ငံထဲ တရားမဝင်နေထိုင်မှုနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတာပါ။