Home
အားကစား
နောက်ကျဂိုးဖြင့် အီတလီ နောက်တဆင့်တက်၊ ယူရို ၂၀၂၄ ပြိုင်ပွဲ နောက်ဆုံးရသတင်းများ
DVB
·
June 25, 2024

ဇက်ကာနီ၏ နောက်ကျဂိုးဖြင့် ယူရို ၁၆ သင်းအဆင့်သို့ အီတလီ တက်ရောက်

အီတလီအသင်းဟာ ပွဲပြီးခါနီး နောက်ဆုံးမိနစ် ပွဲချိန် ၉၈ မိနစ်မှာ သွင်းယူခဲ့တဲ့ ဇက်ကာနီရဲ့ နောက်ကျဂိုးကြောင့် ယူရိုပြိုင်ပွဲ ၁၆ သင်းအဆင့်ကို တက်ရောက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ပွဲမှာ ခရိုအေးရှားက မိုဒရစ်ရဲ့ ဦးဆောင်ဂိုးနဲ့ အသာရခဲ့ပေမဲ့ အီတလီက ချေပဂိုးသွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီပွဲမှာ ခရိုအေးရှားအသင်း ပင်နယ်တီအခွင့်အရေးကို အသုံးမချနိုင်ခဲ့သလို ချေပဂိုးလည်း ပြန်ပေးခဲ့ရလို့ ယူရိုပြိုင်ပွဲ အုပ်စုအဆင့်ကနေ ထွက်ခဲ့ရပါတယ်။

ခရိုအေးရှားနဲ့ သရေကျခဲ့လို့ အီတလီအသင်းဟာ အုပ်စု B မှာ ဒုတိယနေရာကနေ ၁၆ သင်းအဆင့်ကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

၁၆ သင်းအဆင့်မှာ အီတလီအသင်းဟာ အုပ်စု A က ရှုံးပွဲမရှိတဲ့ ဆွစ်ဇာလန်နဲ့ ကစားရမှာ ဖြစ်ပါတယ်။

ယူရိုပွဲကြည့်လက်မှတ်မပါဘဲ ကွင်းထဲဝင်သူအား လိုက်ဇစ်ရဲတပ်ဖွဲ့ ဖမ်းဆီး

ဂျာမနီနိုင်ငံ လိုက်ဇစ်မြို့က ရဲတွေက လက်မှတ်မပါဘဲ ကွင်းထဲဝင်တဲ့သူအချို့ကို ဖမ်းဆီး ထိန်းသိမ်းထားပါတယ်။

ခရိုအေးရှားနဲ့ အီတလီအသင်းတို့ ကစားမယ့်ပွဲမတိုင်မီ ပရိသတ်အချို့ လက်မှတ်မပါဘဲ ကွင်းထဲဝင်ရောက်ဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။ အဲဒီအဖြစ်အပျက်မှာ လူ ၂ ဦး ထွက်ပြေးခဲ့ပြီး တဦးကတော့ ထွက်မပြေးခဲ့ပါဘူး။

ယူရိုပြိုင်ပွဲအတွက် ဒေသတွင်း ရဲတပ်ဖွဲ့ အပါအဝင် ပြည်ပရဲတပ်ဖွဲ့အင်အား ၅၈၀ ကိုလည်း လုံခြုံရေးအတွက် ခေါ်ယူထားပါတယ်။

ယူရိုပြိုင်ပွဲမှာ ခရီးသွား ၁ သန်းလာရောက်ရန် ဖရန့်ဖတ်မြို့ မျှော်လင့်

ယူရိုပြိုင်ပွဲမှာ ဖရန့်ဖတ်မြို့ကို ခရီးသွား ၁ သန်း လာရောက်ဖို့ မျှော်လင့်ထားပါတယ်။

ယူရိုပြိုင်ပွဲ ၅ ပွဲ လက်ခံကျင်းပမယ့် ဖရန့်ဖတ်မြို့မှာ လူ ၃၀,၀၀၀ ကြည့်လို့ရတဲ့ Fan Zone ပြုလုပ်ထားပါတယ်။

ဗြိတိန်၊ နယ်သာလန်၊ ဆွစ်ဇာလန်က ပရိသတ်တွေ ဖရန့်ဖတ်မြို့ကို လာရောက်ကြပြီး စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေမှာ ပွဲကြည့်ပရိသတ်တွေနဲ့ စည်ကားနေပါတယ်။

ယူရိုအုပ်စုနောက်ဆုံးပွဲတွင် အနိုင်ရမှ နောက်တဆင့်တက်နိုင်မည့် ဒိန်းမတ်အသင်း

ယူရိုပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲမှာ အနိုင်ရဖို့ ဆန္ဒရှိတယ်လို့ ဒိန်းမတ်နည်းပြက ပြောဆိုခဲ့ပါတယ်။

ဒိန်းမတ်အသင်းဟာ အဖွင့်ပွဲမှာ စလိုဗေးနီးယားနဲ့ သရေကျခဲ့ပြီး ဒုတိယပွဲမှာလည်း အင်္ဂလန်နဲ့ သရေကျခဲ့လို့ နိုင်ပွဲရဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

ဆားဘီးယားနဲ့ ကစားမယ့်ပွဲမှာ အနိုင်ရမှ ဒိန်းမတ်အသင်း ယူရို ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

၂ ပွဲကစားပြီး ၁ မှတ်ရထားတဲ့ ဆားဘီးယားအသင်းကလည်း ဒီပွဲနိုင်မယ်ဆိုရင် နောက်တဆင့်တက်နိုင်မှာဖြစ်လို့ ဒီပွဲဟာ ၂ သင်းစလုံးရဲ့ အဆုံးအဖြတ်ပွဲ ဖြစ်ပါတယ်။

Photos-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013