နိုင်ငံတော်သမ္မတဦးဝင်းမြင့် အိန္ဒိယနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်
DVB
·
February 26, 2020
နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့ ဇနီးဒေါ်ချိုချိုတို့ ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ အိန္ဒိယနိုင်ငံကို တရားဝင်ချစ်ကြည်ရေးခရီးအဖြစ် နေပြည်တော်ကနေ အထူးလေယာဉ်နဲ့ ဒီကနေ့မနက်က ထွက်ခွာသွားပါတယ်။
အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီရမ် နက်သ် ကိုဗင့်ဒ်ရဲ့ ဖိတ်ကြားချက်အရသွားရောက်တာ ဖြစ်ပြီး ဖေဖေါ်ဝါရီ ၂၆ ရက်ကနေ ၂၉ ရက်အထိ ခရီးစဉ်အတွင်း ခေါင်းဆောင်တွေ နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ဖို့ကိစ္စတွေ ဆွေးနွေးဖို့ရှိပါတယ်။
သမ္မတ ဦးဝင်းမြင့်ဟာ ခရီးစဉ်အတွင်း ဗုဒ္ဓဂါယာကိုလည်း သွားရောက်ဖို့ရှိတယ်လို့ အိန္ဒိယ နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
သမ္မတနဲ့အတူ ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ဝင်တွေအဖြစ် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကျော်တင်၊ သာသနာရေးနဲ့ယဉ်ကျေးမှု ဝန်ကြီး သူရဦးအောင်ကို၊ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးညီပု၊ နိုင်ငံတော် သမ္မတရုံးနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတို့က ဌာနဆိုင်ရာအကြီးအကဲတွေနဲ့ တာဝန်ရှိသူတွေ လိုက်ပါသွားကြပါတယ်။
သမ္မတ ဦးဝင်းမြင့်ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် မေလက အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် ရှရီနရန်ဒရာမိုဒီရဲ့ ဒုတိယအကြိမ် ဝန်ကြီးချုပ်သက်တမ်း ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို တက်ရောက်ဖို့ အိန္ဒိယနိုင်ငံကို ပထမဆုံးအကြိမ် သွားရောက်ခဲ့ဖူးပါတယ်။
အိန္ဒိယနိုင်ငံသမ္မတ ရှရီ ရမ် နက်သ် ကိုဗင့်ဒ်ဟာလည်း ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလက မြန်မာနိုင်ငံကို ၃ ရက်ကြာချစ်ကြည်ရေးခရီးလာရောက်ခဲ့ပြီး နေပြည်တော်မှာ သမ္မတ ဦးဝင်းမြင့်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ဓာတ်ပုံ-MOI