Home
မြန်မာသတင်း
အိန္ဒိယနိုင်ငံ မီဇိုရမ်က မြန်မာစစ်ဘေးရှောင်စခန်း မီးလောင်
DVB
·
February 21, 2024
mzr_21022024

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အိုင်ဇောမြို့နယ် ရှီမွေးစစ်ဘေးရှောင်စခန်းမှာ ဂတ်စ်အိုး ပေါက်ကွဲမှုကြောင့် မီးလောင်ပြီး စစ်ဘေးရှောင်နေအိမ် ၈ လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ စစ်ဘေးရှောင်တွေဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၂၁ ရက်နေ့ ညနေ အိန္ဒိယစံတော်ချိန် ၆ နာရီခွဲ ( မြန်မာစံတော်ချိန် ၇ နာရီခွဲ) လောက်မှာ အလှူရှင်က ထောက်ပံ့ပစ္စည်းတွေ လာရောက်လှူဒါန်းလို့ ပစ္စည်းတွေယူဖို့ စခန်းထဲက စစ်ရှောင်တွေ ခန်းမဆောင်တွင်းမှာ စုဝေးနေတဲ့အချိန် ဂတ်စ်အိုးပေါက်ကွဲပြီး မီးလောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။

မီးလောင်မှုကြောင့် စစ်ဘေးရှောင်ပြည်သူတွေရဲ့ နေအိမ် ၈ လုံး ဆုံးရှုံးခဲ့ပြီး စစ်ဘေးရှောင် ပြည်သူ ၃၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြရတယ်လို့   သိရပါတယ်။

စစ်ဘေးရှောင်တွေနဲ့ နီးစပ်သူတဦးက “အိုင်ဇောဘက်က ပါစတာတယောက်က ကူညီဖို့ ယောက်လာတယ်၊ သူတို့ပစ္စည်းဝေမျှဖို့ ခန်းမဆောင်မှာ သူတို့သွားကြတာပေါ့။ အိမ်မှာဘယ်သူမှမရှိဘူး၊ အဲ့ဒီအချိန်မှာ ဂတ်စ်အိုးပေါက်ပြီးတော့ မီးလောင်သွားတာ။ ဒီမှာ စစ်ဘေးရှောင်တွေက ဂတ်စ်နဲ့ပဲ ထမင်းချက်ကြတာလေ။ သူတို့ပေါက်ကွဲသံကြားလို့ သိတဲ့အချိန်မှာ အိမ်က ၈ အိမ်လောက်က အကုန်လုံးမီးလောင်သွားတယ်၊ အကုန်လုံး ဘာတခုမှ မကျန်ဘူး” လို့ ပြောပါတယ်။

မီးလောင်မှုကို ရှီမွေးလူငယ်အသင်း၊ အုပ်ချုပ်ရေးမှူးအဖွဲ့အစည်းတွေနဲ့ စစ်ရှောင်ပြည်သူတွေက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့တယ်လို့ သိရပါတယ်။

ရှီမွေးစစ်ဘေးရှောင်စခန်းမှာ အိမ်ခြေ ၁၀၀ ကျော်ရှိပြီး ချင်းပြည်နယ် မတူပီမြို့နယ်က ပြည်သူတွေ နေထိုင်ကြတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024