Home
မြန်မာသတင်း
ကနီမြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခတ်ပြီး နေအိမ်အချို့ ပျက်စီး
Aung Ko Latt
·
February 26, 2020
KanNi windy storm
စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ ယင်းသွင်ကျေးရွာမှာ ဖေဖော်ဝါရီ ၂၅ ရက် ညနေပိုင်းက မိုးသက်လေပြင်းတိုက်ခတ်လို့ လူနေအိမ်တချို့ ပျက်စီးသွားပါတယ်။ နာရီဝက်ကျော်ကြာတိုက်ခတ်ခဲ့တဲ့ မိုးသက်လေပြင်းကြောင့် ယင်းသွင်ကျေးရွာက နေအိမ်အဆောက်အအုံတချို့ အမိုး၊ အကာလေလန်တာ၊ သစ်ကိုင်းတွေ ကျိုးကျတာတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။  ယင်းသွင်ကျေးရွာက လူငယ်ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုနေမျိုး‌အောင်က  “လောလောဆယ်တော့ အိမ်ခြေ ဘယ်လောက်လေလန်လဲ မသိရသေးဘူး။ တခြားရွာတွေလည်း မသိရသေးဘူး။ ရွာထဲတော့ သွားကြည့်နေတုန်းပဲ”လို့ ပြောပါတယ်။  ကနီမြို့နယ်မှာ အခုနှစ် နွေဦးစ ပထမဆုံးအကြိမ် တိုက်ခတ်တာလည်း ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက ရရှိတဲ့ သတင်းတွေအရ ၂၀၁၈-၁၉ ခုနှစ်မှာ ဘေးအန္တရာယ်ကျရောက်မှု ၄၁၂ ကြိမ်ရှိခဲ့ကာ လူ ၃၉ ဦး သေဆုံးခဲ့ပြီး လေပြင်းတိုက်ခတ်မှု ၁၆၈ ကြိမ်အထိ ရှိခဲ့ကာ ငွေကြေးထောက်ပံ့မှုအနေနဲ့ ၄၉၄၁ သိန်းကျော် ထောက်ပံ့ခဲ့ရပါတယ်။ အခုနှစ် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ၄ လအတွင်း ဘေးအန္တရာယ်ဖြစ်ပွားမှုအနေနဲ့ ၃၇ ကြိမ်ရှိနေပြီး အဲဒီထဲမှာ မီးလောင်မှုက ၂၃ ကြိမ်နဲ့ အများဆုံးဖြစ်ကာ ကျန်တာတွေက ကမ်းပြိုဘေး၊ မိုးကြိုးဘေးနှင့် လေဘေးတွေ ဖြစ်ပါတယ်။  မီးဘေးကြောင့် လူ ၃ ဦး၊ မြေစာပုံပြိုကျလို့ လူ၂ ဦး စုစုပေါင်း ၅ ဦး သေဆုံးမှု ရှိနေပါတယ်။ ထောက်ပံ့ငွေအနေနဲ့လည်း ကျပ်သိန်း ၉၀ ကျော် ထောက်ပံ့ပေးအပ်ထားပါတယ်။ ဒါ့အပြင် ဘေးအန္တရာယ် ဖြစ်လာရင် အရေးပေါ်ကူညီထောက်ပံ့တာတွေ လုပ်ဆောင်နိုင်ဖို့ ငွေကျပ်သိန်း ၁၀၀၀နဲ့ ကယ်ဆယ်ရေးပစ္စည်းတွေကိုလည်း စုဆောင်းဖြည့်တင်းထားတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024