နွားထိုးကြီးမြို့နယ်တွင် ခရီးသည်တင်ယာဉ်တစီး မီးလောင်
DVB
·
February 21, 2020
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာ မနေ့ညက ခရီးသည်တင်ယာဉ် ၁ စီး မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ည ၉ နာရီကျော်လောက်က ရဲဖြိုးသိန်း မောင်းနှင်ပြီး ခရီးသည် ၂၂ ဦး (အမျိုးသား ၁၅ ဦး၊ အမျိုးသမီး ၇ ဦး) လိုက်ပါလာတဲ့ 1B/×××× New Fuso ခရီးသည်တင်ယာဉ်ဟာ မန္တလေးမှ နေပြည်တော်ကို ရန်ကုန်-မန္တလေးအမြန်လမ်းအတိုင်း မောင်းနှင် လာစဉ် နွားထိုးကြီးမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်(၃၀၇/၂)အနီးအရောက်မှာ ယာဉ် နောက်ပိုင်း စက်ခန်းအတွင်းမှ ဝါယာရှော့ဖြစ်ပြီး မီးကူးစက်လောင်ကျွမ်းခဲ့တာလို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။
ခရီးသည်တင်ယာဉ်မီးလောင်မှုကို ပြင်စည်အမြန်လမ်းမကြီးမီးသတ်တပ်ဖွဲ့က မီးသတ်ယာဉ် ၃ စီး နဲ့ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၁၀ နာရီကျော်မှာ မီးငြိမ်းသွားခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ မီးလောင်မှုကြောင့် ခရီးသည်နဲ့ ခရီးဆောင်အိတ်တွေ ထိခိုက် ပျက်စီးမှုမရှိဘဲ မော်တော်ယာဉ် ၁ စီး မီးလောင်ဆုံးရှုံးခဲ့ပြီး ရဲဖြိုးသိန်း (ဖမ်းမိ) အား ပြင်စည်အမြန်လမ်းမကြီးရဲစခန်း က ရာဇသတ်ကြီးပုဒ်မ ၂၈၅ (မီးလောင်မှု) နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။