လမ်းမတော် သံဈေးမီးလောင်မှုတွင် ဒဏ်ရာရသူ ၁၅ ဦးကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်
DVB
·
February 20, 2020
ရန်ကုန်မြို့ လမ်းမတော်လမ်း သံဈေးမှာ ဒီမနက် မီးလောင်မှုအတွင်း ကယ်ဆယ်ရရှိသူတွေထဲက ကျား ၉ ဦး၊ မ ၄ ဦး၊ ကလေး ၂ ဦး စုစုပေါင်း ၁၅ ဦး မီးခိုးမွှန်ပြီး ဒဏ်ရာအနည်းငယ်ရရှိလို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ထားတယ်လို့ မီးသတ်ဌာနက ထုတ်ပြန်ပါတယ်။
အဆိုပါမီးလောင်မှုအတွင်းပိတ်မိနေသူ ၈၅ ဦးကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ ရှာဖွေကယ်ဆယ်ရေးအထူးအဖွဲ့( INSARAG LIGHT TEAM) ဝင်တွေက ကယ်တင်ခဲ့ကြတာဖြစ်ပြီး မီးခိုးမွှန်ပြီး ဒဏ်ရာရသူတွေ အားလုံး ဆေးရုံမှာ ဘေးကင်းစိတ်ချရတဲ့ အနေအထားရှိတယ်လို့ ဆိုပါတယ်။
ကယ်တင်ထားသူတွေထဲက အသက်အကြီးဆုံးဖြစ်တဲ့ အသက်(၉၂)နှစ်အရွယ် အဘ ဦးရွှေမြင့်ဟာလည်း ဆေးရုံမှာ ဆေးကုသမှုခံယူပြီး ကျန်းမာရေးတိုးတက်ကောင်းမွန်လာတယ်လို့ မီးသတ်တပ်ဖွဲ့ သတင်းမှာ ဖော်ပြပါတယ်။
ရန်ကုန်တိုင်း၊ လသာမြို့နယ်ရှိ လမ်းမတော်လမ်း သံဈေးမှာ ဒီမနက် ၆ နာရီလောက်က စတင်တဲ့ မီးလောင်ကျွမ်းမှုကို Level 5 အဆင့် မီးငြှိမ်းသတ်နေရာမှာ ၈ နာရီခွဲအချိန်မှာ မီး ထိန်းနိုင်ခဲ့ပြီး မနက် ၉ နာရီ ၁၀ မိနစ်မှာ မီးငြိမ်းသွားခဲ့ပါတယ်။
သံဈေးမီးလောင်မှုမှာ တတိယအလွှာ ဆိုင်းခန်းတချို့ကလွဲပြီး ၁၁ လွှာအထိ လူနေအိမ်ခန်းတွေနဲ့ ဆိုင်ခန်းတွေ မီးလောင်ကျွမ်းမှုမရှိဘူးလို့ သိရပါတယ်။
ဓာတ်ပုံ-FSD