ဧရာဝတီတိုင်း မဲစာရင်းတွင် သေဆုံးသူများပါဝင်နေသဖြင့် စိစစ်ဖယ်ထုတ်နေ
DVB
·
February 19, 2020
ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့နယ်တွေနဲ့ ရပ်ကျေးတွေက ကောက်ခံရရှိတဲ့ မဲစာရင်းတွေမှာ သေဆုံးသူ တော်တော်များများ ပါနေတဲ့အတွက် ပြန်လည်စိစစ်ပြီး ဖယ်ထုတ်နေတယ်လို့ ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်မြင့်က ပြောပါတယ်။
၂၀၁၀ ပြည့်နှစ်တုန်းက လူဝင်မှုကြီးကြပ်ရေး ပုံစံ ၆၆/၆ ကို အခြေခံပြီး စာရင်းလိုက်လံကောက်ယူခဲ့တဲ့အတွက် တကယ့်မြေပြင်စာရင်းနဲ့ စိစစ်ရာမှာ သေဆုံးသူတွေ မဲစာရင်းမှာ ပါဝင်နေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
မြို့နယ်တွေမှာသေဆုံးသူတွေရဲ့ မဲစာရင်း ပြန်လည်ဖယ်ထုတ်တာတွေကို အဓိက လုပ်ဆောင်နေပြီး ပြည်ထောင်စုကော်မရှင်ကနေ Update လုပ်ငန်း ပြီးဆုံးသွားလို့ မဲစာရင်းကပ်တော့ဆိုရင် မဲစာရင်းကို ကပ်သွားမယ်လို့ တိုင်းဒေသကြီးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌက ပြောပါတယ်။
ဧရာဝတီတိုင်းဒေသမှာ နောက်ဆုံးကောက်ထားတဲ့ စာရင်းအရ မဲပေးပိုင်ခွင့်ရှိသူဦးရေ ၄၄ သိန်းကျော်ရှိပြီး မဲရုံ ၅၇၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။