တိုက်ပွဲကြောင့် ရာမောင်တံတားအနီး ကားအစီး ၂၀၀ ကျော် ၃ ရက်ကြာ ပိတ်မိနေ
ဝဏ္ဏခွာညို
·
February 16, 2020
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ရာမောင်တံတားအနီး၊ ဖားပြိုကျေးရွာနားမှာ ဖေဖော်ဝါရီ ၁၄ ရက်နေ့က တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ တိုက်ပွဲတွေကြောင့် ဒီကနေ့အထိ ၃ ရက်ကြာ ခရီးသည်တင်ကားနဲ့ ကုန်တင်ကားတွေ သွားလာခွင့်မရဘဲ ပိတ်နေပြီး ရေထွက်ကုန်နဲ့ သီးနှံတွေ ပျက်စီးဆုံးရှုံးမှာ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။
အခုလို သွားလာလို့မရဘဲ ပိတ်နေတဲ့အထဲမှာ ရန်ကုန်ဘက်ကလာတဲ့ ကားတွေနဲ့ စစ်တွေဘက်သွားတဲ့ ကားတွေ လမ်းမတွေမှာ ပိတ်မိနေတာ ဖြစ်ပြီး မင်းပြားမြို့ ရာမောင်တံတား ဇက်ကူးဆိပ်မှာ ပိတ်မိနေတာ ကားအစီးအရေ ၂၀၀ ကျော်ရှိတယ်လို့ မင်းပြားပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဦးလှသိန်းအောင် ဒီဗွီဘီကို ပြောပါတယ်။
“တိုက်ပွဲဖြစ်နေတဲ့နေ့ကတည်းက ဒီနေ့ထက်ထိဆိုရင် ကားအစီး အရေအတွက် ၂၀၀ ကျော်ကျော်လောက်ရှိမယ်။ အဲဒီထဲမှာ ခရီးသည်တင်ကားတွေ ပါတယ်။ ကုန်တင်ကားတွေ ပါတယ်။ ပြီးတော့ ကျေးရွာတွေက မင်းပြားမြို့ စျေးဝယ်ဖို့ ထွက်လာကြတဲ့ကားတွေ ပါတယ်။ ပိတ်မိနေတာက မင်းပြားရယ်။ ပြီးတော့ ဖားပြိုရွာဘက်ပေါ့။ ဘာကြောင့်လဲဆိုတော့ အဲဒီမှာ ဇက်နဲ့ပဲ ကူးလို့ရတာလေ။ ဇက်က မကူးတဲ့ခါ နှစ်ဖက်လုံး ပိတ်မိနေတာပေါ့။ မနေ့ကအထိတော့ တိုက်ပွဲမရှိတော့ဘူး။ ဘာကြောင့် ကူးခွင့်မပေးတာလည်း ဆိုတာကို မသိဘူး။”
ဒီလို သွားလာခွင့်မရဘဲ ပိတ်မိနေတဲ့အထဲမှာ ရန်ကုန်ဘက်ကလာတဲ့ ကုန်စိမ်းနဲ့ ကုန်တင်ကားတွေ၊ စစ်တွေဘက်သွားတဲ့ ကုန်စိမ်းနဲ့ ကုန်တင်ကားတွေ ပိတ်နေတာကြောင့် ဆုံးရှုံးနစ်နာမှုတွေ ရှိတယ်လို့ ကားဂိတ်ပိုင်ရှင်တွေက ပြောပါတယ်။
မင်းထက်သာ ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်းဂိတ်မှူး ကိုမောင်သန်းက “အခက်အခဲ တော်တော်ဖြစ်နေကြတယ်။ ကုန်စိမ်းတင်လာတဲ့ ကားတွေ၊ ဗမာဘက်ကလာတဲ့ ကုန်စိမ်းကားတွေ၊ ဟင်းသီး၊ ဟင်းရွက်တွေ၊ ငါးတွေပေါ့။ အဲဒါတွေ အချိန်မီ ပို့ပေးရတာပေါ့။ အချိန်မီ မရရောက်ဘူးဆိုရင် ပျက်စီးမှုတွေက တော်တော်ရှိမှာ။ နောက်ပြီး သားငါး ပုစွန်တွေ၊ ရေထွက်ပစ္စည်းတွေက ရခိုင်ပြည်ဘက်က ဗမာဘက်ကို ပို့တာ။ ဒီလို ခရီးကြန့်ကြာသွားတော့ ဆုံးရှုံးမှုတွေ ရှိကြတယ်” လို့ ပြောပါတယ်။
ကုန်တင်ကားမောင်းတဲ့ အမည်ဖော်လိုသူ ကားသမားတဦး “ကုန်တင်ထဲမှာ ကုန်စိမ်းတင်ကားတွေ ပါတယ်။ နောက်ပြီး သား၊ ငါးတင်ကားတွေ ပါတယ်။ ဒီအတိုင်း ဆက်မရဘဲ နေနေရတယ်။ ၁၄ ရက်နေ့ကတော့ တိုက်ဖြစ်တယ်။ အဲတရက်တော့ ပိတ်ထားတာ မပြောလိုဘူး။ အခုက တိုက်ပွဲလည်း မရှိတော့ဘူး။ ဆက်ပြီးပိတ်ထားသေးတယ်။ ဒါမဖြစ်သင့်ဘူး။ ဇက်တွေကိုတော့ ကူးခွင့်ပေးသင့်တယ်။ ဒီမှာ ခရီးသည်တွေရော။ ကုကားတွေရော အကုန်ဒုက္ခရောက်နေကြတယ်” လို့ ပြောပါတယ်။
ဖေဖော်ဝါရီ ၁၆ ရက်နေ့ ဒီကနေ့မနက်ပိုင်း ဇက်သင်္ဘောနဲ့ ကားတွေ သွားလာခွင့် အနည်းငယ်ရပြီးနောက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် ဇက်ကူးတာကို ပြန်ရပ်ဆိုင်းထားတယ်လို့ ကုန်တင်ကားသမားတွေက ပြောပါတယ်။