ရွှေသောင်ယံတွင် တောဆင်ရိုင်း ၃ ကောင် တောင်ယာနှင့် စိုက်ခင်းများကို ဝင်ရောက်ဖျက်ဆီး
DVB
·
February 14, 2020
ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ အမှတ် ၁ ရပ်ကွက် အတွင်းက တောင်ယာနဲ့ စိုက်ခင်းတွေကို တောဆင်းရိုင် ၃ ကောင် ဖေဖော်ဝါရီ ၁၁ ရက်နေ့ညပိုင်းက စတင်ကာ ညစဉ် စိုက်ခင်းတွေကို ဝင်ရောက်ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တောဆင်ရိုင်း ၃ ကောင်ထဲမှာ ပြီးခဲ့တဲ့နှစ်က အဆိုပါဒေသမှာ လူတယောက်ကို နင်းသတ်ခဲ့တဲ့ တောဆင်ရိုင်း ၁ ကောင်ပါဝင်ကာ လူနေအိမ်တွေနဲ့ နီးကပ်တာကြောင့် ဒေသခံတွေ ကြောက်ရွံ့နေပြီး အလုပ်အကိုင်ပျက်နဲ့ ဒုက္ခရောက်နေတယ်လို့ အမှတ် ၁ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်းက ပြောပါတယ်။
"ညနေစောင်းနဲ့ ညပိုင်းဆို လာတယ်၊ နေခင်းပိုင်းဆို ဝင်မလာဘူး တောအစပ်မှာ နေတယ်။ လူတွေက အန္တရာယ်ပြုတဲ့ဆင်ပါနေတော့ အဝေးကနေ မောင်းထုတ်ရတယ်၊ အဲ့တော့ မထိရောက်တော့ဘူး။ သူတို့ကလည်း အဝေးမသွားဘူး၊ ညပိုင်း ရောက်တာနဲ့ ဝင်ဖျက်ဆီးတာပဲ။"
တောဆင်ရိုင်း ၃ ကောင်ဟာ ဒေသခံတွေ စိုက်ပျိုးထားတဲ့ စပါး၊ ငှက်ပျောနဲ့ အခြားသီးနှံစိုက်ခင်းတွေကို ဝင်ရောက်ဖျက်ဆီးနေကြတာဖြစ်ပြီး မီးသွေးဖုတ်သူတွေနဲ့ တောခုတ်တဲ့ သူတွေလည်း တောထဲမဝင်ရဲတော့ဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
ဆင်ဦးစီးဟောင်းဖြစ်သူ ဦးဖိုးသာအောင်က “သူတို့ အစာလိုချိန်မှာ အစာမရတော့ စားလို့ရတာစားတယ်၊ လူနဲ့ထိပ်တိုက်တွေ့ရင်လည်း အစာအတွက်နဲ့ ရန်မူတက်တယ်၊ မုဆိုးတွေကြောင့်လည်း ကြောက်လန့်ပြီး လူတွေနေထိုင်တဲ့ နေရာကို ရောက်လာတာမျိုးတွေ ရှိနိုင်ပါတယ်၊ တောဆင်ရိုင်းကိုတော့ သတ်ခွင့်မရှိဘူး” လို့ ပြောပါတယ်။
တောဆင်ရိုင်တွေဟာ တောတောင်တွေမှာ စားကျက်ပျောက်ဆုံးလာလို့ ခုလိုရာသီမျိုးမှာ ပင်လယ်နဲ့ နီးတဲ့ တောင်စွယ် တောင်စောင်းတွေမှာ အလေ့ကျပေါက်လေ့ရှိတဲ့ ကိုင်းဘာပင် တွေရှိတဲ့နေရာနဲ့ တောင်ယာ စပါးစိုက်ခင်းတွေ၊ ဥယျာဉ်ခြံမြေတွေရှိရာကို လာရောက် အစာ ရှာဖွေစားသောက်တတ်တယ်လို့ ဦးဖိုးသာအောင်က သုံးသပ်ပါတယ်။
ဧရာဝတီတိုင်းက တောတောင်တွေမှာ တောဆင်ရိုင်း အကောင် ၂၀၀ ကျော် လှည့်လည် ကျက်စားနေထိုင်ပြီး တောဆင်ရိုင်းနင်းလို့ သေဆုံးတာတွေနဲ့ တောဆင်ရိုင်းအသတ်ခံရတာတွေ နှစ်တိုင်းလိုလိုဖြစ်ပေါ်နေတာကြောင့် ဧရာဝတီတိုင်းမှာ ဘေးမဲ့တောဇုန် တည်ထောင်သင့်တယ်လို့ လှပသောမြေ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့က အကြံပြုပြောဆိုထားပါတယ်။
သတင်း-မင်းထက်မုန်း (ပုသိမ်)