ပုသိမ်မြို့က အမျိုးသား ၁ ဦး မင်္ဂလာဆောင်ပြီး ၃ ရက်အကြာ ကြိုးဆွဲချသေဆုံး
DVB
·
February 12, 2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့မှာ ဖေဖော်ဝါရီ ၁၁ ရက် ညပိုင်းက အသက် ၂၀ အရွယ်ရှိ အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။
အမှတ် ၁ ရပ်ကွက် ထန်းကုန်းလေး ၃ လမ်းမှာနေထိုင်တဲ့ ဝေလင်းထွန်းဟာ အဒေါ်ဖြစ်သူ အိမ်ကို အလည်သွားရင်း နေအိမ်မျက်စောင်းထိုးက ပိတောက်ပင်မှာ ကြိုးဆွဲချသေဆုံးခဲ့တာလို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးက ဒုရဲမှူးကြီး ထွန်းရွှေက ဒီဗွီဘီ ကို ပြောပါတယ်။
"ကောင်လေးက သူ့အဒေါ်အိမ်ကိုလာရင်း ဖြစ်သွားတာ၊ မင်္ဂလာဆောင်ထားတာ ၃ ရက်ပဲ ရှိသေးတယ်၊ ငွေကြေးကိစ္စတွေကြောင့် စိတ်ညစ်ပြီးလုပ်တာလို့ လောလောဆယ် သိရတယ်၊ ခုတော့ သူ့သေဆုံးတာနဲ့ပတ်သက်ပြီး စစ်ဆေးနေပါတယ်" လို့ ဒုရဲမှူးကြီး ထွန်းရွှေက ပြောပါတယ်။
ကြိုးဆွဲချသေဆုံးသူ ဝေလင်းထွန်းဟာ မင်္ဂလာဆောင်တုန်းက ငွေကြေးကိစ္စတွေကြောင့် မိသားစုအတွင်း စိတ်ဆင်းရဲစရာတွေဖြစ်ပေါ်လာတဲ့အတွက် စိတ်ညစ်ပြီး စိတ်ကျကာ အဒေါ် နေအိမ်နားက မလေးရှားပိတောက်ပင်မှာ လုံးပတ် ၇ လက်မခန့်ရှိတဲ့ အစိမ်းရောင် ပလပ်စတစ်ကြိုးနဲ့ ကြိုးဆွဲချခဲ့တာဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့ကတော့ သုံးသပ်ထားပါတယ်။
ကိုဝေလင်းထွန်း ကြိုးဆွဲချသေဆုံးမှုကို ပုသိမ်မြို့မရဲစခန်းမှာ သေမှုသေခင်း အမှုဖွင့်လှစ်ပြီး အလောင်းကို ပုသိမ်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင် စစ်ဆေးနေပါတယ်။
သတင်း- မင်းထက်မုန်း (ပုသိမ်)၊ ဓာတ်ပုံ - အောင်ထက်ပိုင် (ပုသိမ်)