ကျောက်တော်မြို့နယ်တွင် လက်နက်ကြီးကျည်ထိမှန် ပြင်းထန်လူနာများ ဖြတ်သန်းခွင့်မရ
ဝဏ္ဏခွာညို
·
February 12, 2020
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မျောက်တောင်ကျေးရွာမှာ ဖေဖော်ဝါရီ ၁၁ ရက် ညနေပိုင်းက လက်နက်ကြီးကျလို့ ထိခိုက်ဒဏ်ရပြင်းထန်တဲ့လူတွေကို သယ်ဆောင်လာရာမှာ ကျောက်တော်တပ်ရင်းတွေက ဖြတ်သန်းခွင့်မပေးလို့ ရပ်တန့်နေရတယ်လို့ ရခိုင် လူမှုကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။
လက်နက်ကြီးကျည်လို့ ထိခိုက်ဒဏ်ရာရတဲ့လူနာတွေထဲမှာ တယောက် အပြင်းအထန်ဒဏ်ရာရှိခဲ့တာကြောင့် စိုးရိမ်ရပြီး နောက်လူနာတွေကိုလည်း ဆေးရုံကို အချိန်မီ မပို့နိုင်ပါက အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ လူမှုကယ်ဆယ်ရေး အဖွဲ့ဝင် ဦးညီပုက ပြောပါတယ်။
“အခုအချိန်အထိလမ်းမှာ ကျနော်ရှိနေတုန်းပဲ၊ အရေးပေါ်လူနာကား နှစ်စီးနဲ့ မျောက်တောင်ကျေးရွာဘက်က ဖြတ်ကျော်လာကြပေမယ့် ကျောက်တော်အနားအရောက်မှာ တပ်မတော်ဖြတ်ကျော်ခွင့် မပေးတော့ဘဲ ရှေ့ဆက်မရတဲ့အခြေအနေ ဖြစ်နေတယ်”လို့ ဦးညီပုက မနေ့ည ၈နာရီခွဲအချိန်မှာပြောပါတယ်။
ကျောက်တော်မြို့နယ် မျောက်တောင်ကျေးရွာမှာ ဖေဖော်ဝါရီ ၁၁ ရက်နေ့ညပိုင်းက ကျောင်းသားတွေ စုပေါင်းဘောလုံးကန်နေစဉ် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာကြောင့် ထိခိုက်ဒဏ်ရရှိခဲ့တာလို့ ကျေးရွာသားတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။
အခုကိစ္စနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးကို မေးမြန်းဖို့ မနေ့ညက ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဖုန်းခေါ်ဆိုလို့ မရခဲ့ပါဘူး။