မောင်တော ကျေးရွာချင်းဆက်တံတား အန္တရာယ်ရှိသဖြင့် အမြန်ပြုပြင်ပေးရန် တောင်းဆို
DVB
·
February 11, 2020
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အရှေ့ဘက်ခြမ်းက ကျေးရွာချင်းဆက်တံတားဟာ ပျက်စီးယိုယွင်းနေပြီး သွားလာနေသူတွေ အန္တရာယ်ရှိတာကြောင့် အမြန်ဆုံးပြုပြင်ပေးဖို့ ဒေသခံတွေက တောင်းဆိုခဲ့ကြပါတယ်။
အဆိုပါတံတားမှာ နေ့စဉ် ကျောင်းသားနဲ့ ဆရာတွေ၊ ဒေသခံတွေ သွားလာနေကြတာဖြစ်ပြီး တံတားပျက်စီးနေတာကြောင့် သွားလာရေး အခက်အခဲကြုံနေရတာပါ။
သာယာကုန်းကျေးရွာမူလတန်းကျောင်းတာဝန်ခံ ဆရာမ ဒေါ်ဇာလီထွန်းက "ကျမတို့ ဆရာ/ဆရာမတွေက ဒီတံတားကနေ အမြဲသွားနေရတာ၊ အခုနွေရာသီမှာ အခက်အခဲ မဖြစ်ပေမဲ့ မိုးရာသီမှာ သွားလာရတာ အတော်အခက်အခဲ ဖြစ်လာမှာပါ။ တံတားပျက်စီးနေတဲ့အတွက် ကလေးတွေအတွက်စိုးရိမ်ရတယ်။ ကျောင်းသွားနေကြတဲ့ ကလေးတွေက စက်ဘီးနဲ့ ဆိုက်ကယ်တွေနဲ့ သွားနေရတာဆိုတော့ အလွန်အန္တရာယ်ရှိတယ်" လို့ ပြောပါတယ်။
အခုလို တံတားပျက်စီးနေတဲ့အတွက် ကျေးရွာတွေမှာ မီးဘေးအန္တရယ်ကြုံတွေ့လာရင် မီးသတ်ကားရောက်ရှိဖို့နဲ့ ဒေသခံတွေ အရေးပေါ်နေထိုင်မကောင်းဖြစ်ပါက ဆေးရုံဆေးခန်းတွေကို သွားဖို့ အခက်အခဲကြုံနေရတယ်လို့ ငွေတောင်ကျေးရွာနေ ကိုရဲ့ထွဋ်က ပြောပါတယ်။
"အတော်လေးခက်ခဲတာပေါ့။ ကျေးရွာချင်း ဆက်စပ်မှုမှာ အသွားအလာပါ အခက်အခဲရှိတယ်။ ကျောင်းတက်နေရတဲ့ ကလေးတွေအတွက်လည်း အလွန်အခက်အခဲရှိတယ်၊ မီးဘေးဆိုရင်လည်း အခက်အခဲရှိတယ်။ မီးသတ်ကားမဖြတ်နိုင်တော့ဘူး။ ဒီရွာတွေကနေ ၄ မိုင်ကို ကျောင်းသွားတက်နေတဲ့ ကလေးတွေအတွက် အလွန်အန္တရယ်ရှိပါတယ်။"
ကျောင်းတက်ရတာ အခက်အခဲ ဖြစ်နေတာကြောင့် တံတားကို အမြန်ဆုံးပြုပြင်ပေးဖို့ တံတားကိုဖြတ်ပြီး ကျောင်းတက်နေရတဲ့ ကျောင်းသားတဦးက တောင်းဆိုပါတယ်။
မောင်တောခရိုင် လမ်းတံတား ဦးစီးဌာန ကျေးလက်လမ်းခရိုင်ဦးစီးမှူး ဦးမောင်မောင်သန်းကတော့ အဆိုပါတံတားအတွက် ဘတ်ဂျက်မကျသေးပေမဲ့ တံတားခိုင်ခံ့အောင် ပြုပြင်ပေးမယ်လို့ပြောပါတယ်။
“သာယာကုန်းတံတားပြုပြင်ဖို့ ၂၀၁၉ ခုနှစ်မှာ ပြည်ထောင်စုကို တင်ထားလည်း ခွင့်ပြုချက်မကျခဲ့ပါဘူ။ အခုနှစ် ၂၀၂၀ မှာလည်း ပြည်နယ်ကချ ပေးတဲ့အထဲလည်း ပါမလာပါဘူး။ ဒါပေမဲ့ ဒီတံတားအခြေအနေက အလွန်ဆိုးနေတဲ့အတွက် ဒီဘက်က တာဝန်ရှိသူတွေနဲ့စီစဉ်ပြီး ခိုင်ခန့်အောင်လုပ်မယ်လို့တော့ စီစဉ်ထားပါတယ်။ ဘယ်နေ့လုပ်မယ်ဆိုတာတော့ မပြောနိုင်သေးဘူး” လို့ ပြောပါတယ်။
အဆိုပါတံတားဟာ မကျည်းကုန်းကျေးရွာနဲ့ သာယာကုန်းကျေးရွာ၊ ငွေတောင်ကျေးရွာနှစ်ရွာတို့ကို ဆက်သွယ်ထားတာပါ။
အဆိုပါတံတားပေါ်ကနေ ကျောင်းသား/ကျောင်းသူ ၆၀ ကျော် ဖြတ်သန်းသွားလာနေတယ်လို့ သိရပါတယ်။
လင်းလတ်