ဝူဟန်မှ ရန်ကုန်၊ မန္တလေး ပြေးဆွဲနေသည့် လေကြောင်းလိုင်းများ ယာယီရပ်နား
DVB
·
January 25, 2020
ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေတဲ့ တရုတ်နိုင်ငံ ဝူဟန်ကနေ ရန်ကုန်၊ မန္တလေးကို ပြေးဆွဲနေတဲ့ လေကြောင်းလိုင်းကို မနေ့ကစပြီး ယာယီရပ်နားလိုက်တယ်လို့ အစိုးရပြန်ကြားရေး သတင်းက ဆိုပါတယ်။
ဇန်နဝါရီ ၂၄ ရက်ကနေ ဖေဖော်ဝါရီ ၂၉ ရက်အထိ China Eastern လေကြောင်းလိုင်းကို ရပ်နားလိုက်တာ ဖြစ်ပါတယ်။
လတ်တလောမှာ ကာကွယ်ရေးနဲ့ပတ်သက်လို့ ရောဂါဖြစ်နေတဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့က လာတဲ့ လေယာဉ်တွေအပါအဝင် တရုတ်နိုင်ငံကနေ လာရောက်ဆင်းသက်တဲ့ လေယာဉ်တေွအားလုံးကို ဇန်နဝါရီ ၈ ရက်ကစပြီး ကျန်းမာရေးဌာနကနေ အရင်က ကြည့်ရှုစစ်ဆေးတာထက် ပိုပြီး အရှိန်မြှင့် ကြပ်မတ်စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါ စတင်ဖြစ်ပွားရာ ဟူဘေးပြည်နယ်မှာ နောက်ထပ် ၁၅ ယောက် သေဆုံးခဲ့ပြီး အဲဒီဗိုင်းရပ်စ်ကြောင့် လက်ရှိအချိန်ထိ သေဆုံးသူ ၄၁ ယောက်အထိ ရှိလာပြီလို့ တရုတ်ကျန်းမာရေး တာဝန်ရှိသူတွေက ပြောထားပါတယ်။
ပြီးတော့ မိုက်ခရိုစကုပ်နဲ့ချဲ့ပြီး ရိုက်ကူးထားတဲ့ ကိုရိုနာဗိုင်းရပ်စ်ဓာတ်ပုံကိုလည်း မနေ့က ထုတ်ပြန်ခဲ့ပါတယ်။
လူဦးရေ ၁၁ သန်းရှိတဲ့ ဝူဟန်မြို့နဲ့ လူဦးရေ ၇ သန်းရှိတဲ့ အနီးဝန်းကျင် ဟွမ်ကန်းမြို့တို့မှာ တနေရာကနေ တနေရာကို ဝင်ထွက်သွားလာခွင့်ပိတ်ထားသလို ရထားဘူတာရုံ အတော်များများကို ပိတ်ထားပြီး လေကြောင်းခရီးစဉ်တွေကိုပါ ခေတ္တဖျက်သိမ်းထားပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်သစ် ဖြစ်ပွားမှု အရေးပေါ် အခြေအနေကို ထုတ်ပြန်ခဲ့ပေမယ့် ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေ ထုတ်ပြန်တာတော့ မပြုလုပ်ခဲ့ပါဘူး။