လျှပ်စစ်မီးနှင့် မူးယစ်ဆေးပြဿနာဖြေရှင်းပေးရန် တိုက်ကြီးပြည်သူများ တင်ပြ
DVB
·
January 12, 2020
လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဌာနဆိုင်ရာတွေနဲ့ တိုက်ကြီးမြို့နယ်အတွင်းက ပြည်သူတွေ တွေ့ဆုံပွဲမှာ လမ်းတံတား ဆောက်လုပ်ပေးဖို့၊ လျှပ်စစ်မီတာခ မမှန်မကန် ကောက်ခံနေမှုနဲ့ မူးယစ်ဆေးဝါး ပြဿနာတွေ ဖြေရှင်းပေးဖို့ တင်ပြခဲ့ကြပါတယ်။
တွေ့ဆုံပွဲကို တိုက်ကြီးမြို့နယ်၊ ရွှေဂျိုးဖြူခန်းမမှာ ဇန်နဝါရီ ၁၂ ရက်နေ့က မနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့တာဖြစ်ပြီး ဒေသခံပြည်သူ ၃၀၀ လောက် တက်ရောက်ခဲ့ကြပါတယ်။
အဆိုပါတွေ့ဆုံပွဲမှာ တက်ရောက်လာတဲ့ ပြည်သူတွေက ရပ်ကွက်၊ ကျေးရွာတွေမှာ လမ်းတံတားတွေ လုပ်ဆောင်ပေးဖို့၊ လျှပ်စစ်မီးရရှိရေးနဲ့ မီတာခ မမှန်မကန် ကောက်ခံမှုတွေကို စိစစ်ပေးဖို့၊ သစ်တောမြေအဖြစ်က ပယ်ဖျက်ထားတဲ့ ကျေးရွာတွေကို ပြည်ထဲရေး အမည်ပေါက်ရရှိရေး၊ လူငယ်တွေကြား ပျံ့နှံ့နေတဲ့ မူးယစ်ဆေးဝါး ကိစ္စတွေ၊ မြို့နယ်အတွင်းရှိ တရားမဝင် KTV ဆိုင်တွေ အရေးယူဆောင်ရွက်ခြင်း ရှိ မရှိ၊ ယာဉ်တိုက်မှုများအတွက် မီးပွိုင့်ထားရှိပေးရေး၊ လယ်ယာမြေပြဿနာ စတာတွေ ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။
တွေ့ဆုံပွဲတက်ခဲ့တဲ့ ပြည်သူတဦးက “လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဌာနဆိုင်ရာတွေက မေးခွန်းတွေကို ပြန်လည်ဖြေကြားခဲ့ပေမယ့် တာဝန်ယူမှုအပြည့်အဝ မရှိဘူး။ ခေါင်းရှောင်ပြီးဖြေသွားတယ်။ လျှပ်စစ်ဌာနကဆို မီတာခ ပိုကောက်ခံတာတွေ၊ မီတာဖတ်တာ မှားတာတွေ၊ ကျေးရွာမီးကော်မတီတွေနဲ့ ပြည်သူတွေကြားက ပြဿနာတွေကို ဖြေရှင်းပေးဖို့ တောင်းဆိုတဲ့နေရာမှာ ပြန်ဖြေတော့ သူတို့နဲ့မဆိုင်ဘဲ မီးကော်မတီနဲ့သာ ဖြေရှင်းဖို့ ပြန်ဖြေခဲ့တယ်။ မူးယစ်ဆေးဝါးကိစ္စတွေမှာလည်း မြို့နယ်ရဲတပ်ဖွဲ့မှူးက ဖမ်းဆီးတာတွေ လုပ်နေတယ်။ တကယ်လို့ တိုင်တဲ့သူရှိရင်တော့ ဖမ်းပေးမယ်ဆိုတဲ့ အဖြေကို ပြန်ပေးတယ်” လို့ ပြောပါတယ်။
အခုလို လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဌာနဆိုင်ရာတွေရယ် ပြည်သူလူထုနဲ့ တွေ့ဆုံတာကို တိုက်ကြီးမြို့နယ်မှာ ပထမဆုံးအကြိမ် ပြုလုပ်တာလည်း ဖြစ်ပါတယ်။
“ဒီလိုပွဲမျိုးများများလုပ်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဌာနဆိုင်ရာတွေက ပြည်သူတွေရဲ့အသံတွေကို နားထောင်းပြီး ဖြေရှင်းပေးမယ်ဆို ကျနော်တို့ လိုချင်တဲ့ ပွင့်လင်းမြင်သာတဲ့ ဒီမိုကရေစီနိုင်ငံအဖြစ်ကို ရောက်မှာပါ” လို့ တိုက်ကြီးမြို့နယ်နေ ကိုနန္ဒအောင်က ပြောပါတယ်။
မေသွယ်