Homeမြန်မာသတင်း
၅ နှစ်အရွယ် ကလေးငယ်အား ညှဉ်းပန်းရိုက်နှက်သည့် ဖခင်နှင့် မိထွေးတို့ကို ရွှေကျင်ရဲစခန်း အရေးယူ
၅ နှစ်အရွယ် ကလေးငယ်အား ညှဉ်းပန်းရိုက်နှက်သည့် ဖခင်နှင့် မိထွေးတို့ကို ရွှေကျင်ရဲစခန်း အရေးယူ
DVB
·
December 30, 2019
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်မှာ ဖခင်အရင်းနဲ့ မိထွေးဖြစ်သူတို့က ၅ နှစ်အရွယ် သားငယ်လေးကို ရိုက်နှက် ညှဉ်းပန်းနှိပ်စက်ခဲ့တာကြောင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေနဲ့ ဒီဇင်ဘာ ၂၉ ရက်က အမှုဖွင့်ထားတယ်လို့ မြို့မစခန်းက သိရပါတယ်။
ရွှေကျင်မြို့နယ်၊ အထက်မင်းဇောင်းကျေးရွာနေ မောင်သန့်ဇင်အောင် ၅ နှစ်ဟာ နို့ဆီနဲ့ သကြားခိုးစားလို့ဆိုပြီး ဖခင် အောင်အောင်နဲ့ မိထွေးသင်းသင်းခိုင်တို့က တုတ်နဲ့ရော လက်နဲ့ပါ လေးငါးရက်လောက် နေ့စဉ် ရိုက်နှက်ခဲ့တာ ဖြစ်ပါတယ်။
ရိုက်နှက်မှုကြောင့် မောင်သန့်ဇင်အောင်ဟာ နဖူး ဖူးရောင်ဒဏ်ရာ၊ မျက်လုံးညိုမဲဒဏ်ရာ၊ ပါးမှာ ဖူးရောင်ဒဏ်ရာ၊ နောက်ကျောဖူးရောင်ဒဏ်ရာတွေ ရရှိခဲ့ပြီး ရွှေကျင်မြို့ ခုတင် ၁၀၀ ဆေးရုံကြီးမှာ အတွင်းလူနာ (စိုးရိမ်ရ) အနေနဲ့ တက်ရောက်ကုသနေရပါတယ်။
ရွှေကျင်မြို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဒေါ်လှလှဝင်းက “ကျမတို့ ကလေးငယ်အတွက် တတ်နိုင်သလောက် ကူညီထောက်ပံ့မှုတွေ ပြုလုပ်ပေးနေပါတယ်။ လက်ရှိမှာ ကလေးဒဏ်ရာအခြေအနေက တော်တော်ဆိုးသွားတယ်။ စိတ်ဒဏ်ရာလည်း တော်တော်ရနေတယ်။ မသေတာ ကံကောင်းလို့လေ၊ ဒီလောက်ထိ မလုပ်သင့်ဘူး”လို့ ပြောပါတယ်၊
အသက် ၅ နှစ်အရွယ် လူမမည်ကလေးကို ညှဉ်းပန်းနှိပ်စက်ခဲ့တာနဲ့ ပတ်သက်ပြီး ဖခင်ဖြစ်သူ အောင်အောင်နဲ့ မိထွေး သင်းသင်းခိုင်တို့ကို ရွှေကျင်မြို့မရဲစခန်းက ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေပုဒ်မ ၁၀၃(က) နဲ့ အမှုဖွင့် အရေးယူထားပါတယ်။
နေလင်းထိုက်