ကျောက်တော်တွင် တပ်မတော်နှင့်အေအေ ပစ်ခတ်မှုဖြစ်၊ အရပ်သား ၄ ဦးဒဏ်ရာရ
ဝဏ္ဏခွာညို
·
December 28, 2019
ရခိုင်ပြည်နယ် ကျောက်တော်မြို့ မဟာကံကြီးသျှင်ဘုရားကြီးဝင်းနားမှာ တပ်မတော်နဲ့ အေအေတပ်ဖွဲ့တို့ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်တာကြောင့် ကျောက်တော်မြို့ခံ ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ကျောက်တော်မြို့အဝင် ပြည်တော်သာရပ်ကွက်ရှိ မဟာကံကြီးသျှင်ဘုရားကြီးရှေ့မှာ ပစ်ခတ်မှုတွေ ၉ မိနစ်လောက်ကြာ ဖြစ်ခဲ့ပြီး အဲ့ဒီအနားက ဒေသခံအချို့ ထိခိုက်ဒဏ်ရာရရှိသွားတာလို့ ဖြူစင်မေတ္တာနာရေး ကူညီမှု အသင်းဥက္ကဋ္ဌ ဦးညီပုက ပြောပါတယ်။
“ပြည်တော်သာရပ်ကွက်ရှိ မဟာကံကြီးသျှင်ဘုရားကြီးရှေ့မှာ ပစ်ခတ်မှု ဖြစ်တာ။ အဲဒီမှာ ၄ ယောက် ဒဏ်ရာရသွားပါတယ်။ အမျိုးသမီးတယောက်နဲ့ အမျိုးသား သုံးယောက် ဒဏ်ရာရသွားတာပါ။ အဲဒီထဲမှာ ဒဏ်ရာရရှိသွားတဲ့ အမျိုးသားနှစ်ယောက်ကို စစ်တွေ ပို့လိုက်တယ်။ နောက်အမျိုးသမီးတယောက်ကတော့ ကျောက်တော်မှာ ဆေးကုသမှု ခံယူထားတယ်။ ဒဏ်ရာတွေကတော့ သိပ်တော့မစိုးရိမ်ရပါဘူး။”
တပ်မတော်ဘက်က မြို့လုံခြုံရေး ဆောင်ရွက်နေတဲ့အချိန်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အေအေအဖွဲ့က သုံးဖွဲ့ခွဲပြီး လာရောက်ပစ်ခတ်တာကြောင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့တာလို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောပါတယ်။
“ကျောက်တော်မှာ မြို့လုံခြုံရေး ဆောင်ရွက်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ကို လာပြီးတော့ ပစ်တာပေါ့။ သုံးဖွဲ့ ခွဲပြီးတော့မှ လာပြီးတော့ပစ်တာ။ ပစ်တဲ့အခါမှာ သူပစ် ကိုယ်ပြန်ပစ်တာတွေ ရှိတယ်။ တပ်မတော်ဘက်ကတော့ ထိခိုက်ဒဏ်ရာရတာတော့ မရှိဘူး။”
ရက္ခိုင့်တပ်တော်(အေအေ) အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ကံကြီးသျှင်ဘုရားဝင်းထဲ ဓမ္မာရုံမှာ တပ်မတော်က စခန်းချပြီး ဒေသခံတွေကို အမျိုးမျိုး အနှောင့်အယှက်ပေးနေလို့ ပစ်ခတ်တိုက်ခိုက်တာလို့ ပြောပါတယ်။
“နေ့စဉ်နေ့တိုင်းလည်း အနှောင့်အယှက်ပေးတယ်။ အဲဒါကြောင့်မို့လို့ ကျနော်တို့ ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်တာရှိတယ်။ ပစ်ခတ်တာကတော့ ၃ မိနစ်လောက်ပဲ ကြာတယ်။ အဲ့ဒီမှာ ကျနော်တို့ဘက်ကတော့ ဗမာစစ်တပ်ကို ထိထိရောက်ရောက် ပစ်ခတ်တာရှိတယ်။ အဲဒီပစ်ခတ်မှုအတွင်းမှာတော့ ဗမာစစ်တပ်က အနည်းဆုံး ၂၀ ဝန်းကျင်လောက်ကျရှုံးမှု ရှိနိုင်တယ်။”
ဓာတ်ပုံ- ကျော်လှမြင့်