အမ်းနှင့်မြေပုံမြို့နယ်ကြားတွင် တိုက်ပွဲပြင်းထန်၊ ဒေသခံရာချီ ထွက်ပြေးတိမ်းရှောင်
DVB
·
December 28, 2019
ရခိုင်ပြည်နယ် အမ်းမြို့နယ်နဲ့ မြေပုံမြို့နယ်ကြားမှာ တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေပြီး မဲလက်မောင်းကျေးရွာအနီး လက်နက်ကြီးတွေ ကျရောက်တဲ့အတွက် ဒေသခံရာချီ အမ်းမြို့ကို ထွက်ပြေး တိမ်းရှောင်လာကြတယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။
အမ်းမြို့ပေါ်ကို စစ်ဘေးခိုလှုံလာတဲ့ မဲလက်မောင်းကျေးရွာနဲ့ အနီးအနားရွာတွေက ဒေသခံတွေအတွက် မြို့မအားကစားကွင်းမှာ နေရာထိုင်ခင်းတွေ စီစဉ်ပေးထားပြီး အစားအသောက်တွေကိုတော့ အမ်းမြို့ခံတွေနဲ့ လူမှုရေးအဖွဲ့အစည်းတွေက ကူညီဆောင်ရွက်ပေးနေကြတယ်လို့ အမ်းမြို့ခံ ကိုနတ်ဆိုးက ပြောပါတယ်။
“မနေ့က ပထမဆုံးရောက်လာတာကတော့ အိမ်ထောင်စု ၁၇ စု၊ လူဦးရေကတော့ ၆၅ ယောက်ပေါ့၊ အကြီးပိုင်းကတော့ တယောက် နှစ်ယောက်လောက်ပဲ ပါတယ်၊ ကျန်တာတွေကတော့ အမျိုးသမီးတွေနဲ့ ကလေးတွေ ပိုများတယ်။ နောက်ထပ်လည်း ရောက်လာမယ်လို့တော့ သိရတယ်။ ကျနော်တို့ကတော့ သူတို့ စားဝတ်နေရေး အဆင်ပြေဖို့အတွက် မြို့ပေါ်မှာရှိတဲ့ လူတွေရယ်၊ လူမှုအဖွဲ့အစည်းတွေနဲ့ ဌာနဆိုင်ရာတွေကို အကူအညီတောင်းထားပါတယ်။”
ရခိုင်ပြည်နယ် မြေပုံမြို့နယ်နဲ့ အမ်းမြို့နယ်ကြားမှာ အခုရက်ပိုင်းအတွင်း တပ်မတော်နဲ့ ရခိုင့်တပ်တော်တို့ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနေကာ တပ်မတော်က ရဟတ်ယာဉ်အသုံးပြုပြီး တိုက်ခိုက်နေသလို တိုက်ပွဲဖြစ်ပွားရာ နေရာအနီး ကျေးရွာတွေကိုလည်း လက်နက်ကြီးကျည်တွေ ကျရောက်တဲ့အတွက် ဒေသခံတွေ စိုးရိမ်ထိတ်လန့်ကာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်လာကြတာပါ။
သတင်း - နောင်နောင်၊ ဓာတ်ပုံ - မျိုးလွင်