ဗိဿနိုးမြို့ဟောင်းအနီးက တောင်သူများ စပါးအစား ရေမွှေးပန်းစိုက်ပျိုးမှု များလာ
DVB
·
December 26, 2019
မကွေးတိုင်း၊ တောင်တွင်းကြီးမြို့အနောက်ဘက် ၁၁ မိုင်ခန့်ဝေးတဲ့ ဗိဿနိုးမြို့ဟောင်းမှာ လက်ပက်ဆည်ကနေ စိုက်ပျိုးရေမရရှိတာကြောင့် ဒေသခံလယ်သမားတွေ စပါးစိုက်ပျိုးဖို့ မဖြစ်နိုင်လို့ ရေမွှေးပန်း ပြောင်းလဲစိုက်ပျိုးမှ အဆင်ပြေနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဗိဿနိုးမြို့ဟောင်းဒေသမှာ မိုးရာသီ နှမ်း ၊ စပါး ၊ ပဲတီစိမ်းနဲ့ ဝါတွေကို အဓိကစိုက်ပျိုးကြပြီး ဆောင်းရာသီမှာတော့ ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ အာလူးတို့ကို စိုက်ပျိုးကြကာ အခုခါမှာတော့ စီးပွားဖြစ်တဲ့ ရေမွှေးပန်းကို အများဆုံးစိုက်ပျိုး လုပ်ကိုင်နေကြပါတယ်။
ဆည်ရေ မရရှိတာ ခြောက်နှစ်ကျော်ပြီ ဖြစ်တာကြောင့် ဒေသခံတွေအကုန်လုံး ရေမွှေးပန်းကို စိုက်ပျိုးနေကြတာ တနှစ်ပတ်လုံး ဝင်ငွေရတယ်လို့ ပန်းစိုက်သူတွေက ပြောပါတယ်။
ရေမွှေးပန်း ၈ ပင်ပါ တစည်းကို ဖောက်သည်စျေး ကျပ် ၁၂၀ နဲ့ယူရပြီး ဘုရားပန်းအတွက် အများဆုံး ဝယ်ယူကြတယ်လို့ မကွေးမြို့က ပန်းရောင်းတဲ့ စျေးသည်တဦးက ပြောပါတယ်။
အဆိုပါ ရေမွှေးပန်းကို အခြားဒေသက တဆင့်ပြန်လည်ရောင်းချဖို့အတွက် လာရောက်ဝယ်ယူမှုတွေ ရှိတယ်လို့လည်း သိရပါတယ်။
တင်ရွှေ(မင်းဘူး)