အမျိုးသမီး စောင့်ရှောက်ရေးဂေဟာနှင့် သက်မွေးသင်တန်းကျောင်း ရွှေဘိုတွင် ဖွင့်လှစ်
DVB
·
December 22, 2019
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြောင်းကြီးကျေးရွာမှာ မေတ္တာရိပ် အမျိုးသမီးစောင့်ရှောက်ရေးဂေဟာနဲ့ သက်မွေးသင်တန်းကျောင်းကို စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နဲ့ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်တွေက ဒီဇင်ဘာ ၂၁ ရက် မနက်ပိုင်းက ဖွင့်လှစ်ခဲ့ပါတယ်။
ဒီသင်တန်းကျောင်းကို စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ဦးဆောင်ပြီး အလှူရှင်တွေ စုပေါင်းဆောက်လုပ်ဖွင့်လှစ်တာ ဖြစ်ပါတယ်။
ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က “သက်ငယ်မုဒိမ်းမှုတွေ များပြားလာတဲ့အတွက် အမျိုးသမီးတွေရဲ့ဘဝ ပြန်လည်ထူထောင်နိုင်ရေး၊ ကယ်တင်နိုင်ရေးအတွက် ရည်ရွယ်ပြီး အမျိုးသမီးဂေဟာ ဖွင့်လှစ်ရတာ ဖြစ်တယ်”လို့ အဖွင့်အမှာစကားမှာ ပြောပါတယ်။
သင်တန်းကျောင်းမှာ လူမျိုး၊ ဘာသာမရွေး မွေးကင်းစအရွယ်ကနေ အသက် ၁၈ နှစ်အထိ မိဘ အုပ်ထိန်းသူ ခွင့်ပြုချက်နဲ့ လက်ခံသွားမှာဖြစ်ပြီး လူမှုဆက်ဆံရေးပညာ၊ အလှပြင်၊ စက်ချုပ်၊ ရက်ကန်း၊ မုန့်ဖုတ်၊ ကွန်ပျူတာ အစရှိတဲ့ အသက်မွေးဝမ်းကျောင်းပညာများအပြင် အတန်းပညာကိုလည်း ဘွဲ့ရတဲ့အထိ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
ရွှေဘိုမြို့မှာ အရင်ရှိပြီးသား ဘိုးဘွားရိပ်သာကိုလည်း ပြုပြင်မွမ်းမံပြီး ဖြစ်ပြီး နောက်ထပ် မူးယစ်ဆေးဖြတ်စခန်း တခုလည်း ထပ်မံတည်ဆောက် ဖွင့်လှစ်သွားဖို့ ရှိပါတယ်။
အောင်စံလင်း