Homeမြန်မာသတင်း
ICJ အမှု ရင်ဆိုင်ခဲ့သည့် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့ကို ထောက်ခံကြောင်း အရေးကြီးအဆို ရှမ်းပြည်နယ်လွှတ်တော်တွင် ရှုံးနိမ့်
ICJ အမှု ရင်ဆိုင်ခဲ့သည့် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့ကို ထောက်ခံကြောင်း အရေးကြီးအဆို ရှမ်းပြည်နယ်လွှတ်တော်တွင် ရှုံးနိမ့်
DVB
·
December 17, 2019
အိုင်စီဂျေ တရားရုံးမှာ အမှုသွားရောက်ဖြေရှင်းခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ကို ထောက်ခံကြောင်း ရှမ်းပြည်နယ်လွှတ်တော်မှာ အရေးကြီးအဆိုတင်ရာမှာ ကန့်ကွက်သူ များလို့ ရှုံးနိမ့်သွားပါတယ်။
ဒီဇင်ဘာ ၁၇ ရက် ရှမ်းပြည်နယ်လွှတ်တော် ပုံမှန်အစည်းအဝေးမှာ ပင်းတယမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးညီညီ(ခ)ဦးညီလေးချမ်း တင်သွင်းတဲ့ အရေးကြီးအဆိုကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၂ ဦးက ထောက်ခံဆွေးနွေးပြီး ရှမ်းလွှတ်တော် ဒုတိယဥက္ကဋ္ဌ စဝ်အောင်မြတ်နဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁ ဦးက ကန့်ကွက်ဆွေးနွေးတဲ့အတွက် လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ခဲ့တာပါ။
လွှတ်တော်ကို တက်ရောက်လာတဲ့ ကိုယ်စားလှယ် ၁၂၉ ဦးရှိတဲ့အနက် ထောက်ခံမဲ ၂၈ မဲ၊ ကြားနေမဲ ၃၁ မဲ၊ ကန့်ကွက်မဲ ၆၈ မဲနဲ့ မဲမပေးသူ ၂ ဦးရှိတဲ့အတွက် အရေးကြီးအဆို ရှုံးနိမ့်ခဲ့ပါတယ်။
အိုင်စီဂျေတရားရုံးမှာ အမှုသွားရောက်ရင်ဆိုင်တဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုယ်စားလှယ်အဖွဲ့ကို အားပေးထောက်ခံတဲ့ လူထုထောက်ခံပွဲကို ဒီဇင်ဘာ ၁၀ ရက်နေ့က ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ကျင်းပခဲ့ပေမယ့် ရှမ်းပြည်နယ် လွှတ်တော်က မထောက်ခံဘဲ ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။
ခွန်ရာဇာ