ဘူးသီးတောင်တွင် လက်နက်ကြီးကျ မီးလောင်၊ နေအိမ် ၂ လုံး ဆုံးရှုံး
DVB
·
December 14, 2019
ရခိုင်ပြည်နယ်၊ ဘူသီးတောင်မြို့နယ် ဆင်သေပြင်ရွာမှာ ဒီဇင်ဘာ ၁၄ ရက်နေ့ မနက်ပိုင်းက လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် နေအိမ် ၂ အိမ် မီးလောင်ခဲ့ပြီး တိရစ္ဆာန်တချို့ သေဆုံးဒဏ်ရာ ရရှိခဲ့ပါတယ်။
နေအိမ်မီးလောင်သွားတဲ့ မော်ဒူဟူဆောင်းက “လက်နက်ကြီးကျတာပါ။ ဘယ်ဘက်က ပစ်လဲဆိုတာတော့ မပြောတတ်ဘူး။ သျှရှားတောင်ကျေးရွာဘက်က ပစ်တာလို့ပြောတယ်။ ကျနော့်အစ်ကိုအိမ်နဲ့ ကျနော့်အိမ် မီးလောင်သွားတယ်။ ဆိပ် ၄ ကောင် မီးထဲပါသွားတယ်။ နွား ၄ ကောင် ဒဏ်ရာရသွားတယ်။ ရိတ်ပြီးသားစပါးတင်း ၈၀၀ လောက် မီးလောင်သွားပါတယ်” လို့ ပြောပါတယ်။
အခုလို လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ မီးလောင်သွားတဲ့ အိမ်တွေကတော့ မော်ဒူဟူဆောင်းနဲ့ ကာလာဘော်ဒါတို့ရဲ့ အိမ်တွေ ဖြစ်ပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်လို့ ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရွှေလအောင်က “ရွာတာဝန်ခံကို စာတင်ခိုင်းထားပါတယ်။ နေအိမ် ၂ အိမ်လို့တော့ ပြောတယ်။ တယောက်က ၃ အိမ် လို့ ပြောတယ်။ စာတက်လာမှ သေချာသိရမယ်” လို့ ပြောပါတယ်။
ဘူးသီးတောင်မြို့နယ်အတွင်း တပ်မတော်နဲ့အေအေတို့ တိုက်ပွဲတွေကြောင့် ဧပြီ ၂၁ ရက်မှာတော့ ကိုယ်ဝန်ဆောင် အမျိုးသမီးတယောက် ကျည်ထိမှန်ခဲ့ပြီး ဗိုက်ထဲက ကလေး သေဆုံးခဲ့ဖူးပါတယ်။
ဒါ့အပြင် ဇူလိုင်လထဲမှာ လက်နက်ကြီးကျည်ထိမှန်လို့ လူငယ် ၂ ယောက် ဒဏ်ရာရရခဲ့ပြီး အသက် ၆၅ နှစ်ရှိ အဘွားအိုတယောက် သေဆုံးခဲ့ပါတယ်။
သြဂုတ် ၃၁ ရက်မှာတော့ လက်နက်ကြီးကျလို အိမ် ၅ လုံး အခုလိုပဲ မီးလောင်ပြာ ကျသွားခဲ့ရပါတယ်။
ကောင်းကောင်း